သတင်း

လုံးခင်းတွင် ရွှေဆိုင်တစ်ခု ဓားပြတိုက်ခံရပြီး ငွေကျပ်သိန်း ၅၀၀ ကျော်လုယူသွား

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ ရပ်ကွက် ၃ ရှိ ရွှေဆိုင်တစ်ခုတွင် စက်တင်ဘာလ ၁၅ရက်နေ့ ညနေပိုင်း ၄နာရီဝန်းကျင် ဓားပြတိုက်ခံရပြီး ငွေသားကျပ်သိန်း ၅၀၀ ကျော် လုယူသွားကြောင်း ဒေသခံများထံမှသိရသည်။

ဝေဖြိုးအောင် အမည်ရှိ ရွှေဆိုင်အတွင်းသို့ လူငယ် ၁၀ ဦးခန့်ဝင်ရောက်လာပြီးအသံထွက်ရင် အသက်အန္တရာယ်ပြုမည်ဟုခြိမ်းခြောက်ပြောဆိုကာ ရွှေသားမယူဘဲ ငွေသား သီးသန့် ဓားပြတိုက်ယူသွားသည်ဟု ရွှေဆိုင်နှင့်ရင်းသည့် အမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။

အဲ့ဖြစ်တဲ့အချိန်မှာ မီးလည်းပျက် မိုးအရမ်းရွာနေတဲ့အချိန်ဖြစ်တယ်။ သူတို့ကိုကြည့်ရတာ သေချာကြိုတင်စီစဉ်ထားပြီးသားဟုတ်တယ်။ ရွှေဆိုင်အထဲကို ဝင်ဖို့ အပြင်မှာလည်း လူတွေ ချထားတယ်။ ဆိုင်ထဲကိုတော့ ၇ယောက်လောက်ဝင်လာတယ်။ အသံမထွက်ဖို့ ခြိမ်းခြောက်ပြောဆိုပြီး သိန်း ၅၀၀ ကျော်တိုက်ယူသွားတယ်။ ရွှေတွေတော့ မယူဘူးတဲ့ဟုပြောဆိုသည်။

ရွှေဆိုင်ဓားပြဝင်တိုက်သည့် လူငယ်အဖွဲ့သည်  Land Cruiser ကားအဖြူရောင်စီးနင်းလာပြီး ၎င်းတို့၏ မျက်နှားများဖုံးအုပ်ထားသည့်အပြင် လက်တွင် ဓားရှည်နှင့် တုတ်များကိုင်ဆောင်ထားကာ ခြိမ်းခြောက်ပြောဆို ဓားပြတိုက်သွားသည်ဟုသိရှိရသည်။

လက်ရှိအချိန်အထိ ရွှေဆိုင်ဓားပြတိုက်ခံရမှုနှင့် ပတ်သက်ပြီး ရေးယူဆောင်ရွက်နိုင်ခြင်းမရှိသေးသလို ဆိုင်ရှင်ဘက်မှလည်း မီးပျက်နေသည့်အချိန်အတွင်း ဖြစ်ပွားခဲ့သည့်အတွက် မှတ်တမ်းများမရရှိလိုက်ကြောင်း ဆက်လက်သိရသည်။

လုံးခင်းတွင် ယခုလအတွင်း သေနတ်ထောက် ကားလုယက်မှုတစ်ကြိမ်၊ ကျောက်ပွဲစားတစ်ဦးအား လူငယ်တစ်စုမှ မေးမြန်းစရာရှိသည်ဟု လိမ်လည်ခေါ်ဆိုပြီး ကျောက်စိမ်း ၃လုံးနှင့် ဖုန်း၊ ဆိုင်ကယ်တစ်စီး လုယက်မှုတစ်ကြိမ်နှင့် လုံးခင်းကျောက်ဝိုင်းအနီး အမျိုးသားတစ်ဦး လူငယ် ၂ဦးကို ဓားထောက်ကာ ငွေရှစ်သိန်းနှင့် ဆိုင်ကယ်တစ်ဦး လုယက်မှု အကြိမ်ကြိမ်ဖြစ်ပွားခဲပါသည်။

Show More

Related Articles

Back to top button