Covid-19သတင်း

ရွှေလီတွင် ကိုဗစ်ပိုးတွေ့နှုန်း ပြန်တိုးလာသောကြောင့် နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းကို မှီခိုနေသူများ စိုးရိမ်

တရုတ်မြန်မာနယ်စပ် ရွှေလီမြို့မှ ပြီးခဲ့သည့် ဩဂုတ်လ ၃၁ ရက်နေ့မှစ၍ စက်တင်ဘာလ ၁၅ ရက်နေ့အထိ ကိုဗစ်၁၉ ပိုးတွေ့နှုန်း ပြန်တိုးလာသောကြောင့် နယ်စပ်ဂိတ်ပြန်ပိတ်မည်ကို နယ်စပ် ကုန်သွယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူများ စိုးရိမ်နေကြသည်။

ဟုတ်တယ်။ နေ့စဉ်အာခေါင် တို့ဖတ်ယူ စစ်ဆေးနေတယ်။ ကူးစက်မှုက သိပ်များများ မရှိသေးဘူး။ အသွားအလာကတော့ စိုးရိမ်မှုတွေနဲ့သွားလာနေရတယ်။ ကုန်ထုတ် ကုန်သွင်းကတော့ မြန်မာဘက်က အဝင်ရပ်လုဖြစ်နေတယ်။ ဟု ရွှေလီရောက် မြန်မာလုပ်ငန်းရှင် တစ်ဦး ကပြောသည်။

ကုန်သွယ်မှု ပါးလာရခြင်း အကြောင်းရင်းသည် ကိုဗစ်ပိုးတွေ့၍သာမဟုတ်ပဲ ယခုနှစ်အတွင်း မြန်မာငွေဈေး အဆမတန် ထိုးကျလာသောကြောင့်လည်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ရွှေလီမြို့ ၃ ရက်ဆက်တိုက် ဆေးစစ်လို့ အပြီးမှာ ပိုးတွေ့လူတွေတိုးလာလို့ Lockdown Area (အသွားအလာ ကန့်သတ် နေရာ) ယခင် နှစ်နေရာကနေ နောက်ထပ် နှစ်နေရာ သုံးနေရာလောက်ထပ်တိုးလာတာတွေ့ရတယ်။ ငွေဈေးကြောင့် ကုန်သွယ်ရေးက ရပ်လုနီးပါးဖြစ်နေချိန် ရောဂါက တစ်ဖန်ပြန်လာပြန်တယ်။ တချို့ မြို့ကြီးတွေကနေ ရွှေလီမြို့ကို ခွိုက်တီ (အမြန်ချောပို့) တွေပို့မရတော့ပါဘူး။” ဟု တရုတ်ဘက်ခြမ်းနေထိုင်သူ မြန်မာ လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

လက်ရှိ ရွှေလီမြို့မှ တဆင့် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်၊ ကျင်းစမ်းကျော့ နှင့် ထိစပ်နေသည့် ဝမ်တိန်မြို့သို့ ကုန်စည်များကို တိုက်ရိုက် အသွင်း၊ အထုတ် ပြုလုပ်နေသည်။ သို့သော်လည်း နှစ်နိုင်ငံ နယ်စပ်လုပ်ငန်းရှင်များ အနေဖြင့် ကိုဗစ် ကပ်ရောဂါ ပြန့်ပွားမှု ထပ်မံ များပြားလာမှုကြောင့် Lockdown ပြန်ချကာ နှစ်နိုင်ငံ ကုန်သွယ်မှု ရပ်တန့်သွားမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အရှေ့မြောက် တံခါးပေါက်ဖြစ်သည့် ကျင်းစန်းကျော့ဝမ်တိန်ဂိတ်သည် နှစ်နိုင်ငံ ပို့ကုန်၊ သွင်းကုန် အများဆုံး ပြုလုပ်ကုန်သွယ်ရာ ဂိတ်ပေါက်ဖြစ်ပြီး ရွှေလီမြို့နှင့် ကုန်သွယ်မှု ဆက်နွယ်နေသည့် နေရာဖြစ်သည်။

Show More

Related Articles

Back to top button