သတင်း

ဖမ်းဆီးခံထားရသည့် PDF လူငယ် ၂ ဦး ထပ်မံသတ်ဖြတ်ခံရ

မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက်တွင် ယခုနှစ် ဧပြီလ ကားဓါးပြတိုက်သူများဟု စွပ်စွဲကာ ဖမ်ဆီးခံထားရသော PDF လူငယ် ၂ ဦးသည် စက်တင်ဘာလ ၁၀ ရက်နေ့က သတ်ဖြတ်ခံလိုက်ရပြီဟု တပ်နှင့် နီးစပ်သူများထံမှ သိရသည်။

အဆိုပါ PDF လူငယ် ၂ ဦးသည် ယခုနှစ် ဧပြီလ ၂၄ ရက်နေ့ အေးမြသာယာရပ်ကွက်သို့သွားချိန် ဒလန်သတင်းပေးမူကြောင့် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ပြီး မြစ်ကြီးနားထောင်တွင်းထားရှိသော်လည်း လိုအပ်ချက်အရ စစ်ကြောရေးသို့ ပုံမှန်ခေါ်ယူကာ စစ်ဆေးခံနေရကြောင်း သိရသည်။

ဒီလထဲမှာဘဲ သတ်လိုက်တာ ၁၀ ရက်နေ့လို့ကြားတယ် ခုတော့ ၄ယောက်စလုံးကို သတ်ပြီးသွားကြပြီ ဟု အမည်မဖော်လိုသူ တပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

သို့သော်လည်း ထောင်တွင်း နှင့် စစ်ကြောရေး မည်သည့်နေရာတွင် အသတ်ခံရသည်ကို မသိရသေးကြောင်း သတ်ဖြတ်ခံရသူ နှစ်ဦးနှင့် နီးစပ်သော PDF အဖွဲ့များကလည်း KNG ကို အတည်ပြု ပြောဆိုသည်။

ယခုနှစ် ဧပြီလ ၂၄ ရက်နေ့ အဆိုပါ PDF လူငယ် ၂ ဦး ဖမ်းဆီးခံလိုက်ရပြီး‌နောက် ဖုန်းမှတစ်ဆင့် ခြေရာခံကာ ဧပြီလ ၂၅ ရက်နေ့တွင် ရမ်ပူရပ်ကွက်ရှိ နေအိမ်တစ်အိမ်သို့ ဝင်ရောက်စီးနှင်းချိန် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် နောက်ထပ် PDF လူငယ် ၂ ဦး ပွဲချင်းပြီး သေဆုံးပြီး ခေါင်းဆောင် ဦးချစ်အပါအဝင် ၂ ဦးကို စစ်တပ်မှ ဖမ်းဆီးခဲ့သည်။

အဲဖြစ်စဉ်မှာ အရှင်ဖမ်းခံသွားရတာ ၄ ယောက် အေးမြသာယာမှာ ကားဓါးမြဆိုပြီး ဖမ်းခံရတာနဲ့ ရမ်ပူကနဲ့ဆိုရင်ပေါ့  ဦးချစ်နဲ့တစ်ယောက်ကိုကျတော့ ဇွန်လကုန်ပိုင်းမှာ သတ်လိုက်တာ။ ကျန်တဲ့ ၂ ယောက်ကိုတော့ ဒီလထဲသတ်လိုက်ပြီလို့ ကြားတယ်” ဟု သတ်ဖြတ်ခံရသူ နှစ်ဦးနှင့် နီးစပ်သော အမည်မဖော်လိုသူ PDF အဖွဲ့ဝင်တစ်ဦး ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် မြစ်ကြီးနားမြို့တွင် တော်လှန်ရေးလုပ်ဆောင်နေကြသည့် PDF လူငယ်များ မကြာခန ဖမ်းဆီးခံနေရသည်မှာ ဒလန်သတင်းပေးမှုကြောင့် ဖြစ်ကြောင်း PDF များ ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ယခုရက်ပိုင်း မြို့တွင်း ရပ်ကွက်၊ လမ်းကြိုလမ်းကြားများတွင် ကင်းပုန်းများ ချထားသည့်အပြင် ရပ်ကွက်တွင်းရှိ လူနေအိမ်များတွင် ဝင်ရောက်စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာသည်ဟု ဆိုသည်။

Show More

Related Articles

Back to top button