သတင်း

စစ်ကောင်စီထုတ် မြန်မာဘီယာ အဖာ ၁၀၀၀ တိတိကို KIA နှင့် PDF ပူးပေါင်းတပ် ဖမ်းဆီးဖျက်ဆီး

ကချင် စစ်ကိုင်းအစပ် အင်းတော် နှင့် မော်လူးကြားတွင် မန္တလေးဘက်မှ တင်ဆောင်လာသော စစ်တပ်ထုတ်ကုန် မြန်မာဘီယာ အဖာ ၁၀၀၀ တိတိကို KIA နှင့် အင်းတော် PDF ပူးပေါင်းတပ်တို့မှ ဖမ်းဆီးကာ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၂၂ ရက်နေ့ နေ့လည် ၁ နာရီ အချိန်တွင် မန္တလေးမှ မြစ်ကြီးနားဘက်သို့ ခြောက်ဘီးကားတစ်စီးဖြင့် တင်ဆောင်လာသည့် Myanmar Beer ၊ Andaman beer နှင့် Gold Beer အဖာ ၁၀၀၀ တိတိကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ဖျက်ဆီးခဲ့ကြောင်း အင်းတော် PDF တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။

”ကားကတစ်စီးထဲပဲ ခြောက်ဘီးကားနဲ့ အဲ့ဖမ်းမိတဲ့နေရာမှာပဲဖျက်ဆီးလိုက်တာ။ လူကတော့ဒရိုင်ဘာ နဲ့ စပယ်ယာနှစ်ယောက်ပဲ။ သူတို့ကိုတော့ ခံဝန်ကတိပေးပြီးပြန်လွတ်လိုက်တယ် နောက်မတင်ဖို့သတိ ပေးပြီးလွတ်လိုက်တယ်”ဟု ပြောသည်။

အင်းတော်မြို့နယ်တွင် စစ်တပ်ထုတ်ကုန် မြန်မာဘီယာများ မတင်ဆောင်ကြရန် ယခင်ကတည်းက အကြိမ်ကြိမ် သတိပေးပြီးဖြစ်သောကြောင့် ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အရင်ကမိတဲ့ကားသမားတွေကိုလည်း ခုလိုမျိုးသတိပေးပြီးတော့မှပဲ ပြန်လွတ်ပေးလိုက်တာရှိတယ်။ အခုလိုမျိုးမလုပ်ခင် အရင်ကလည်း စစ်တပ်ထုတ်ကုန်တွေမတင်ဖို့ သတိပေးတာတွေရှိတယ်။ အွန်လိုင်းပေါ်မှာကော နောက်ပြီးကားဆရာတွေကိုကော သတိပေးတာမျိုးတွေရှိတယ်” ဟု အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦးက ဆက်ပြောသည်။

လတ်တလော အင်းတော်မြို့နယ်တွင် မြစ်ကြီးနား မန္တ​လေး အတက်အဆင်း ကားများကို KIA နှင့် PDFတို့က ပုံမှန်စစ်ဆေးမှုများ ပြုလုပ်နေပြီး ကုန်ကားများအနေဖြင့် မိုးကာအုပ်၍ မသွားရန်နှင့် ခရီးသည်တင်ကားများ၊ လူမှုကူညီရေးအသင်းကားများ၊ ဘာသာရေးနှင့် လူမှုအသင်းအဖွဲ့ကားများ မှန်ချ၍ မောင်နှင်းသွားလာကြရန်လည်း ယခင်က သတိပေးတာမြစ်ချက်များ ထုတ်ပြန်ခဲ့သည်။

အင်းတော်မြို့နယ်တွင် စစ်တပ်ထုတ်ကုန် မြန်မာဘီယာများ ဖမ်းဆီးဖျက်ဆီးမှုမှာ ယခုနှစ်အတွင်း လေးကြိမ်တိတိ ရှိပြီဟု သိရသည်။

Show More

Related Articles

Back to top button