သတင်း

အင်းတော်နယ်တွင် စစ်ကောင်စီတပ် စစ်အင်အား ၄၀၀ ကျော်တိုးချဲ့ထား၊ ကျေးရွာ ၇ခု ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့များမှ စစ်ကြောင်း ၂ခုဖြင့် စစ်အင်အား ၄၀၀ ကျော်ဝန်းကျင် စစ်ကြောင်းထိုး ဝင်ရောက်နေသည့်အတွက် နဘားနှင့်မော်လူး ကျေးရွာ ၂ခုကြားရှိ ကျေးရွာ ၇ခုခန့်က ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း အင်းတော် ဒေသကာကွယ်ရေးတပ်အဖွဲ့ထံမှသိရသည်။

စက်တင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ အင်းတော်နယ်အတွင်းသို့ မိုးညှင်းဘက်မှ ဆင်းလာသည့် စစ်ကြောင်းတစ်ခုနှင့် စစ်ကိုင်းဘက်မှ တက်လာသည့် စစ်ကြောင်းတစ်ခု စသော စစ်ကြောင်း ၂ခုဖြင့်  ဝင်ရောက်လာသည့်အတွက် အင်းတော်နယ်ရှိ ကျေးရွာပြည်သူများထွက်ပြေးတိမ်းရှောင်းနေရသည်ဟု အင်းတော်ဒေသကာကွယ်ရေးတပ်မှ တာဝန်ရှိသူ တစ်ဦး ယခုလိုပြောသည်။

ကချင်ဘက်ကနေ ဆင်းလာတဲ့ စစ်ကြောင်းက အင်အား ၂၈၀ ကျော်လောက်ရှိတယ်။ ပြီးတော့ စစ်ကိုင်းဘက်က တက်သွားတဲ့ဟာက အင်အား ၁၂၀ ကျော်တယ်။ သူတို့က အဓိက နဘားနဲ့ မော်လူး ကြားမှာ စစ်ကြောင်းထိုးလာတာ အခု စစ်ကြောင်း ၂ကြောင်းစလုံးက မော်လူးနဲ့ နဘားကြားမှာရှိတဲ့ ရွာတွေကို အကာကွယ်ယူပြီး နေတယ်ဟုပြောသည်။

လက်ရှိဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေသည့် နဘားနှင့်မော်လူး ကျေးရွာ ၂ခုကြားရှိ ကျေးရွာများသည် နားမကြိုင်း၊  ပင့်တင်၊ ပင်ဝယ်၊ လုံးတုံ၊ ဖားပန်နှင့် စီပိန်း စသော ကျေးရွာများဖြစ်ကြပြီး နဘားကျေးရွာနှင့် နီးစပ်သည့် ရပ်ကွက်နေ ပြည်သူတစ်ချို့နှင့် ပင့်တင်၊ လုံးတုံ ရှိပြည်သူများသည်လည်း စက်တင်ဘာလ ၂၄ရက်နေ့က စတင်ယာယီထွက်ပြေးတိန်းရှောင်ခဲ့ရကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။

ယခုကဲ့သို့ အင်းတော်ဒေသ နဘားနှင့်မော်လူးကြားတွင် စစ်ကောင်စီတပ်ဖွဲ့မှ စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားမှုပြုလုပ်နေခြင်းသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ အဓိက စစ်ရေးလှုပ်ရှားနေသည့် နေရာဖြစ်နေသည့်အတွက် နယ်မြေစိုးမိုးရန် ဖြစ်နိုင်သည်ဟု အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ယခုလိုပြောသည်။

မော်လူးနဲ့နဘားက ကျနော်တို့ရဲ့ တော်တော်များများ လှုပ်ရှားသည့် နေရာဖြစ်တယ်။ ပြီးရင်အဲ့နေရာမှာက ခဏခဏ တိုက်ပွဲဖြစ်တဲ့နေရာလည်းဖြစ်တယ်။ စစ်ကောင်စီတပ်သားတွေလည်း ခဏခဏ သေတာများတယ်။ အဲ့ကြောင့် အဲ့ဒီနေရာကို သူတို့ နယ်မြေစိုးမိုးချင်လို့ပဲ မြင်တယ်ဟုဆိုသည်။

ထို့ကြောင့် နဘားနှင့်မော်လူးကြားတွင် ယခုကဲ့သို့ စစ်ကောင်စီဘက်မှ စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်နေသည့်အတွက် အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်ကြောင်း အင်တော်နယ် လမ်းပိုင်းကို စက်တင်ဘာလ ၂၅ရက်နေ့မှစတင်ပြီး ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း အင်းတော် KPDF အဖွဲ့က ထုတ်ပြန်ကြေညာထားသည်။

လက်ရှိတွင် ပိတ်ဆို့ထားသည့် အင်းတော်နယ် မော်လူး၊ အင်းတော်နဘား၊ အင်းတော်ကသာ၊ အင်းတော်ထီးချိုင့်နှင့် အင်းတော်ဗန်းမော်လမ်းပိုင်းတို့ပါဝင်ပြီး ဆိုင်ကယ်မှလွဲ၍ မည်သည့်ယာဉ်မှ ဖြတ်သန်းသွားလာ ခွင့်ပြုမည်မဟုတ်သေးကြောင်း KPDF ထံမှသိရသည်။

အလားတူ စက်တင်ဘာလ ၂၄ရက်နေ့တွင်လည်း အင်းတော်ဘက်မှ တက်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်များက ပင့်တင်ကျေးရွာအနီးတွင် တစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုနိုင်သည်ဟု အင်းတော် PDF အဖွဲ့ပြောဆိုသည်။

Show More

Related Articles

Back to top button