စစ်ပြေးဒုက္ခသည်များသတင်း

မိုးစစ်ကျေးရွာတွင် စစ်ကောင်စီတပ် တပ်စွဲထားသဖြင့် နေရပ်မပြန်နိုင်သည့် စစ်ရှောင် ၄၀၀ ကျော် အကူအညီလိုအပ်နေ

ရွှေကူမြို့နယ် မိုးစစ်ကျေးရွာတွင် စစ်ကောင်စီတပ်များ ပြည်သူပိုင်နေရာများတွင် တပ်စွဲထားသဖြင့် ကျေးရွာနေပြည်သူများ ၄၀၀ ကျော် နေရပ်မပြန်နိုင်၍ စစ်ရှောင်နေရဆဲဖြစ်ပြီး အစားအသောက်နှင့် စစ်ရှောင်အကူအညီများ အရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်များထံမှသိရသည်။

စက်တင်ဘာလ ၂၂ရက်နေ့ စစ်အင်အား ၁၀၀ ဝန်းကျင်ပါရှိသည့် စစ်ကောင်စီတပ်ဖွဲ့သည် ရေကြောင်းလမ်းဖြင့် ကျွန်းတော်မှ မိုးစစ်ဘက်သို့ ကူးလာခဲ့စဉ် KPDF အဖွဲ့တို့မှ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် လက်ရှိတွင် မိုးစစ်ကျေးရွာအတွင်း တပ်စွဲနေထိုင်လျက်ရှိနေကြောင်းသိရသည်။

ထို့ကြောင့် လက်ရှိတွင် မိုးစစ်ကျေးရွာနေ ပြည်သူ ၄၀၀ ကျော်သည် ရွှေကူမြို့တွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး စစ်ရှောင်ပြည်သူများအတွက် အစားအသောက်နှင့် အဝတ်အထည် အကူအညီများ အရေးပေါ်လိုအပ်နေသည်ဟု ရွှေကူဒေသခံတစ်ဦး KNG ကိုပြောသည်။

အဓိကတော့ အစားအသောက်တွေလိုအပ်နေတယ်။ သူတို့ထွက်ပြေးလာတဲ့အချိန်မှာ တချို့ကတော့ လယ်ခင်းထဲရောက်နေတော့ ရုတ်တရက်ပြေးလာတဲ့သူတွေရှိတယ်။ သူတို့အတွက် စောင်၊ ခြင်ထောင်နဲ့ လှဲဖို့အဝတ်တွေ လိုအပ်နေတယ်။ အစားအသောက်တော့ အားလုံးအတွက် လိုအပ်နေတယ်။ အခုက လူမှုကူညီရေးအသင်းတွေက ရသမျှလေးနဲ့ နေ့လယ်စာ နဲ့ ညစာကို တာဝန်ယူပေးနေတာဟုတ်တယ်။ လူမှုကူညီရေးအဖွဲ့တွေကလည်း အလှူရှင်တွေရှိမှသာ တဆင့်ကူညီပေးနိုင်မှာဆိုတော့ လောလောဆယ် အကူအညီလိုအပ်နေတယ်ဟုပြောသည်။

စစ်ရှောင်ပြည်သူများ ရွှေကူမြို့ပေါ်ရှိ ရေဝန်းဘုန်းကြီးကျောင်း၊ မင်းကျောင်းနှင့် မာန်အောင်ကျောင်း အစရှိသည့် ဘုန်ကြီးကျောင်း ၄ နေရာတွင် ခိုလှုံလျက်ရှိနေပြီး စက်တင်ဘာလ ၂၄ရက်နေ့အထိ စစ်ရှောင် အိမ်ထောင်စု ၁၀၈ စုနှင့် လူဦးရေ ၄၆၉ ဦးအထိ ရှိနေကြောင်းသိရသည်။

စစ်သားတွေက ၂၂ရက်နေ့ ညပိုင်းလောက်ကနေစပြီး တပ်စွဲထားတာဟုတ်တယ်။ ခုထိရှိနေတုန်း ပြန်လို့မရသေးဘူး။ တစ်ချို့ကတော့ ရွာနဲ့လှမ်းတဲ့ခြံတွေမှာ ခဏပြန်ပြီး အလုပ်လုပ်ကြတယ်။ အခြေအနေကြည့်ပြီးမှ ရွှေကူဘက်ကို ပြန်လာကြတယ်။ မိုးစစ်နဲ့ ရွှေကူက မြစ်ဟိုဘက်ကမ်း ဒီဘက်ကမ်းပဲခြားတော့ တစ်ချို့က နေ့ခင်းပြန်ကြတယ်ဟု စစ်ရှောင်ပြည်သူတစ်ဦးက ယခုလိုပြောသည်။

စစ်ရှောင်ပြည်သူများအနေဖြင့် မိုးစစ်ကျေးရွာအတွင်း တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့များ ကျေးရွာအတွင်းမှ ပြန်လည်ထွက်ခွာသွားမှသာ ပြန်လာမည်ဟု သိရသည်။

Show More

Related Articles

Back to top button