သတင်း

ပူတာအိုမြို့နယ်တွင် ဘေချီဥရှာရင်းပြုတ်ကျသေဆုံးသူ ၇ဦးခန့်ရှိလာ

ကချင်ပြည်နယ် ပူတာအိုမြို့နယ် ရေခဲတောင်ပေါ်တွင် ပေါက်ရောက်တတ်သော ဘေချီဥရှာဖွေရင်း ပြုတ်ကျသေဆုံးသူ တစ်နှစ်အတွင်း ၇ ဦးခန့်ရှိလာပြီဟု သိရသည်။

စက်တင်ဘာလ ပြုတ်ကျသေဆုံးခဲ့သူများသည် ပူတာအိုမြို့နယ် ဂျူဗလီကျေးရွာ၊ မလိခွမ်ကျေးရွာ၊ ခေါင်လန်ဖူးမြို့နယ် ဆန်ဒမ်းကျေးရွာများမှ ဒေသခံများဖြစ်ကြပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးလည်းပါဝင်သည်ဟု သိရသည်။

ဆေးမြစ်ရှာရဖို့အတွက် အလုအယက်လုပ်နေကြတာပါ နှစ်စဥ်သေဆုံးသူကအတော်လေးများပါတယ်။ ဒီနှစ်ဘေဥချီဥထွက်ချိန်မှာပဲကျနော်တို့သိ‌သလောက် သေဆုံးတာကို၇ယောက်လောက်ရှိပြီ။ ကျနော်တို့မသိပဲသေဆုံးတာပဲ ဘယ်လောက်ရှိပြီလဲမသိဘူး” ဟု ဒေသခံတစ်ဦးက KNG သို့ ပြောသည်။

ဘေချီဥသည် ပင်လယ်ရေမျက်နှာပြင် ၆၀၀၀ ကျော်အထက် ကျောက်တောင်များအကြားတွင် သြဂုတ်လမှ နိုဝင်ဘာလလောက်အထိ သူ့ရာသီချိန်အတွင်းသာ ပေါက်ရောက်တတ်သည့် သစ်ဥတစ်မျိုးဖြစ်သည်ဟု သိရသည်။

ဘေချီဥက ၉လကုန်၁၀လဆန်းလောက်မှာတူးရတာဖြစ်တယ် ဘာလို့ဆိုအဲ့ဒီလအတွင်းမှာပဲ ဘေချီဥကစမှည့်တယ် အသားတွေပြည့်မယ် အဲ့လိုကို ဒါပေမဲ့ လူတွေကတော့ အသားပြည့်တဲ့အချိန်မှည့်တဲ့အချိန်လောက်ထိဘယ်သူမှမစောင့်ဘူး မမှည့်ခင်ကတည်းကကို အလုအယက်လုပ်ကြတာပေါ့” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ဘေချီဥကို အစာအိမ်အတွက်ဆေးဖော်ရာတွင်အသုံးပြုပြီး ပူတာအိုမြို့တွင်

ဘေချီအခြောက်တစ်ပိဿာကို ကာလပေါက်စျေးကိုးသိန်းခန့်ရှိကာ ဘေချီဥကို တရုတ်ပြည်ကအဓိကဝယ်ယူသည်ဟု သိရသည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဘေချီဥရှာရင်း ပြုတ်ကျသေဆုံးသူ ၂၀ခန့်ရှိခဲ့ကြောင်း ဒေသခံများ ပြောသည်။

ပူတာအိုဒေသတွင် အာဏာသိမ်းပြီးနောက်ပိုင်း ဒေသခံများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းရှားပါးမူများကြောင့် သြဂုတ်လ မှ နိုဝင်ဘာလလောက်ထိ စျေးကောင်းရသောဘေချီဥကို အသက်စွန့်ရှာဖွေနေကြသည်ဟု ဒေသခံများ ပြောပါသည်။

Show More

Related Articles

Back to top button