စစ်ပြေးဒုက္ခသည်များသတင်း

စစ်ကြောင်း ထွက်ခွာသွားသည့်အတွက် မိုးစစ် စစ်ရှောင်အများပိုင်း နေရပ်ပြန်

ဗန်းမော်နယ် ရွှေကူမြို့နယ် မိုးစစ်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီ စစ်ကြောင်း ကျေးရွာတွင်းမှ ပြန်လည်ထွက်ခွာသွားပြီ ဖြစ်သောကြောင့် မိုးစစ်ကျေးရွာမှ စစ်ရှောင်ပြည်သူအများပိုင်း နေရပ်ပြန်ကြဖြစ်ကြောင်း သိရသည်။

စက်တင်ဘာလ ၂၂ ရက်နေ့ကတည်းက အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းသည် မိုးစစ်ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲနေထိုင်ခဲ့သောကြောင့် မိုးစစ်ပြည်သူ ၄၀၀ ကျော်သည် ရွှေကူမြို့တွင်းသို့ စစ်ရှောင်ခဲ့ကြရာ တစ်ပတ်ကျော်ကြာပြီးနောက် စစ်ကြောင်းထွက်ခွာသွားပြီဖြစ်သည့် အတွက် စစ်ရှောင်ပြည်သူအများစုနေရပ်ပြန်ကြပြီ ဖြစ်ကြောင်း စစ်ရှောင်အရေးကူညီပေးနေသည့် ရွှေကူဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။

စစ်ကြောင်းက လွန်ခဲ့တဲ့ သုံးရက်လောက်ကတည်းက ရွာကနေထွက်သွားကြပြီ။ စစ်ကြောင်းထွက်သွားတော့ ရွာသားတွေက မနေ့ကတည်းက တဖွဲဖွဲပြန်နေကြပြီ။ အခုညပိုင်းပြန်မယ့်သူတွေလည်းရှိတယ် ဒီမှာကတော့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေ ၅၀၊ ၆၀ လောက်ပဲကျန်မယ် သူတို့ကတော့လောလောဆယ် မပြန်လောက်သေးဘူး” ဟု ပြောသည်။

အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် မိုးစစ်ကျေးရွာမှ ထွက်ခွာသွားပြီဆိုသော်လည်း ရွှေကူမြို့တစ်ဖက်ကမ်းတွင် လှည့်လှည်သွားလာနေဆဲဖြစ်သောကြောင့် လတ်တလောသက်ကြီးရွယ်အို နှင့် ကလေးသူငယ်များစစ်ရှောင်နေရဆဲ ဖြစ်သည်။

ယင်းစစ်ကြောင်းသည် စက်တင်ဘာလ ၂၂ ရက်နေ့ကစ ရေကြောင်းလမ်းဖြင့် ကျွန်းတောမှ မိုးစစ်ဘက်သို့ ကူးလာခဲ့စဉ် KPDF အဖွဲ့တို့မှ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ အထိနာခဲ့သည့်အတွက် မိုးစစ်ကျေးရွာဘက်သို့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်ဝင်ရောက်၍ တပ်စွဲနေထိုင်ခဲ့ခြင်းဖြစ်သည်။

Show More

Related Articles

Back to top button