သတင်း

ကန့်ဘလူ၊ ဇော်ချောင်းကျေးရွာကို စစ်ကောင်စီက ဝင်ရောက်မီးရှို့သဖြင့် ပြည်သူ ၅ ထောင်ကျော် ထွက်ပြေးနေရ

ကန့်ဘလူမြို့နယ် ဇော်ချောင်းကျေးရွာ အရှေ့ဘက်ကို စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်သည် နေအိမ်များ မီးရှို့နေသည့်အတွက် ဇော်ချောင်းကျေးရွာနှင့် အနီးပတ်ဝန်းကျင် ရွာ ၄ ရွာမှ ဒေသခံပြည်သူ ၅ထောင်ကျော် ဘေးလွှတ်ရာသို့ တိမ်းရှောင်နေရသည်ဟု သိရသည်။

ကိုးတောင်ဘို့နယ် အခြေစိုက် စစ်ကောင်စီတပ်သည် အောက်တိုဘာလ ၃ ရက်နေ့ အင်အား ၇ ၀ကျော်ဖြင့် ချပ်ကုန်းကျေးရွာတွင် ညအိပ်တပ်စွဲခဲ့ပြီး‌နောက် ယနေ့နံနက် ၆ နာရီဝန်းကျင်တွင် ဇော်ချောင်းကျေးရွာကို လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ကာ မီးရှိုခဲ့သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက KNG ကို ပြောသည်။

မနက်မလင်းခင်ကတည်းက စစ်ဘေးရှောင်လူဦးရေ ၅ ထောင်လောက်ကတော့ တိမ်းရှောင်နေရပါတယ်။ ဒီနေ့ မနက် ၆ နာရီမှာတော့ ဇော်ချောင်းကျေးရွာကို ဦးတည်ပြီး လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်ပြီးဝင်လာတယ်။ ၈နာရီလောက်မှာ ဇော်ချောင်းကျေးရွာအရှေ့ဘက်ခြမ်းကိုစပြီးမီးရှို့တယ်။ ဘယ်နှစ်အိမ် မီးရှို့တယ်ဆိုတာအတည်မပြုနိုင်သေးပါဘူး။ ဒါပေမဲ့ မီးခိုးလုံးကြီးတွေကတော့ တော်တော်ကြီးကြီးကို နှစ်ကြိမ်တွေ့ရတဲ့အနေအထားပါ ဟု ဆိုသည်။

ထို့အပြင် နောက်ထပ် မည်သည့်ရွာကို ထပ်မံ မီးရှိုမည်ကို မသိရသောကြောင့် ဇော်ချောင်းကျေးရွာနှင့်အနီးတစ်ဝှိုက် ကျေးရွာများအနေဖြင့် သတိထားနေထိုင်သင့်သည်ဟု ဒေသခံကာကွယ်ရေးရဲဘော်တစ်ဦးက သုံးသပ်သည်။

ဇော်ချောင်းကျေးရွာကို စစ်ကောင်စီမှ မီးရှိုမှုမှာ သုံးကြိမ်မြောက်ရှိပြီဖြစ်ပြီး ပထမအကြိမ်မီးရှို့မူတွင် နေအိမ်တစ်လုံး၊ ဒုတိယအကြိမ်တွင် နေအိမ် ၉၀‌ကျော်မီးလောင်ဆုံးရှုံးခဲ့ရသည်ဟု သိရသည်။

ဇော်ချောင်းကျေးရွာသည် ကန့်ဘလူမြို့နယ် မြောက်ဘက်ခြမ်းတွင်တည်ရှိပြီး အိမ်ခြေ ၁၈၀ ခန့်ရှိသည်ဟု ဒေသခံများကဆိုသည်။

Show More

Related Articles

Back to top button