ခေါင်လန်ဖူးမြို့နယ်တွင် ဆန်တစ်အိတ်လျှင် ကျပ် တစ်သိန်းခွဲအထိ စျေးမြင့်တက်

ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်တွင် လမ်းပမ်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ဆန်တစ်အိတ်လျှင် ကျပ်တစ်သိန်းကျော်အထိ စျေးမြင့်တက်နေသည်ဟု သိရသည်။
ခေါင်းလန်ဖူးမြို့မှ ၄ရက် ၅ ရက်ခန့်ကြာ ခြေလျှင်သွားရသည့် ရှိန်းခေါင်ကျေးရွာ၊ မတ်ဂျုံကျေးရွာ၊ မတ်ပေါ်ကျေးရွာ၊ ဇနင်ထီကျေးရွာ ၊ ဇီထန်းကျေးရွာ၊ ဇီးယော့ကျေးရွာ စသည့် ခေါင်လန်ဖူးမြို့နယ်အတွင်းက ကျေးရွာပေါင်း ၁၀၀ ခန့်တွင် လမ်းပမ်း ဆက်သွယ်ရေးခက်ခဲနေမှုကြောင့် ဆန်တစ်အိတ်လျှင် ကျပ် တစ်သိန်းကျော်အထိ ပေးဝယ်နေရသည်ဟု ခေါင်လန်ဖူးမြို့မှ အမျိုးသားတစ်ဦးက KNG သတင်းဌာနကို ပြောသည်။
“ရွာတွေမှာတော့ တော်တော်စျေး တက်တယ် သူတို့ကဆန်ကို လားနဲ့ပဲထမ်းရတာလည်း ခေါင်လန်ဖူးကနေ တရုတ်နယ်စပ်တစ်ကြောက ခေါင်လန်ဖူးကနေပဲ ပို့နေရတာ အခုဆိုရင် ဆန်တစ်အိတ်ကို ၁၃၀၀၀၀ ကနေ ၁၅၀၀၀၀ အထိရှိတယ်” ဟု ခေါင်လန်ဖူးဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
မိုးရာသီဖြစ်သောကြောင့် ခေါင်လန်ဖူးနှင့် ပူတာအိုကြားလမ်းပိုင်းလည်း သွားလာရခက်ခဲပြီး ခေါင်လန်ဖူးမြို့ပေါ်တွင် ဆန်တစ်အိတ် ကျပ် ၈၀၀၀၀ အထိပေးဝယ်ရသည့်အတွက် ကျေးရွာများတွင် တဖန်စျေးတက်သွားခြင်း ဖြစ်သည်။
“အခုတော့ ကားလမ်လည်းပုံမှန်တော့မဟုတ်ပေမယ့် ကားတော့ရောက်တယ်လေး ပုံမှန်မဟုတ်ပေမယ့်တစ်ပတ်မှ တစ်ကြိမ် နှစ်ကြိမ်လောက်တော့ဆန်ရောက်တယ်။ ရွာတွေဘက်တော့ ၄ရက် ၅ရက် လားနဲ့ လူနဲ့ထမ်းရတာ ထမ်းခက ၅၀၀၀၀ အထိပေးရတယ်။ အဲ့ကြောင့် သယ်ယူခနဲ့ဆို ၁၀၀၀၀၀ ကျော်ပေးရတာ” ဟု ခေါင်လန်ဖူး ဒေသခံတစ်ဦးက ပြောသည်။
သို့သော်လည်း လာမည့် နိုဝင်ဘာလခန့်မှစတင်ကာ လမ်းပမ်းဆက်သွယ်ရေးကောင်းမွန်လာပါက ဆန်စျေးပြန်ကျလာနိုင်ကြောင်း ဒေသခံများ ပြောသည်။
လယ်ယာမရှိသည့် ခေါင်လန်းဖူးမြို့နယ်တွင် ပြောင်းဖူး၊ လူး၊ ဆပ်၊ ရှားကော စသည့် စိုက်ပျိုး သီးနှံပင်များနှင့် ရေခဲတောင်ထွက် သစ်ဉ သစ်ဖု ဆေးမြစ်များရှာဖွယ် ရောင်းချကာ အသက်မွေးဝမ်းကြောင်းပြုနေခြင်း ဖြစ်သည်။
“တရုတ်နယ်စပ် လမ်းမပိတ်လိုက်ရင်တော့အဆင်ပြေတယ်။ တရုတ်ဘက်ကတော့ နီးလေးနီးတော့ စျေးလည်းအဲ့လောက် မတက်ဘူး။ အခုက ကိုဗစ်ကြောင့် နယ်စပ်ပေါက်တွေပိတ်လိုက်လို့ စားသောက်ကုန်လူသုံးကုန်တွေက ပူတာအိုဘက်က ခက်ခက်ခဲခဲတင်နေရတော့အကုန်စျေးတက်ပြီး ဒေသခံတွေက ခက်ခဲသထက်ခက်ခဲနေကြတာ” ဟု ခေါင်လန်ဖူးဒေသခံတစ်ဦးက ပြောသည်။
ခေါင်လန်ဖူးမြို့နယ်တွင် ဆန်စျေး မြင့်တက်ရုံသာမက စားဆီ တစ်ပိဿာလျှင် ကျပ် ၂၀၀၀၀၊ အသင့်စား ခြောက်ဆွဲခြောက် တစ်ထုတ် တစ်ထောင်ကျပ် စသည်ဖြင့် ကုန်စျေးနှုန်းအားလုံးမြင့်တက်နေသည့်အတွက် သယ်ယူပို့ဆောင်ရေး လွယ်ကူစေရန် ပူတာအို ခေါင်လန်ဖူးမြို့နယ်လမ်းပိုင်းများကို ဖောက်လုပ်ပေးစေလိုကြောင်း ဒေသခံများ တောင်းဆိုနေကြသည်။
၂၀၁၄ ခုနှစ်က ပြုစုထားသည့်သန်းခေါင်စာရင်းအရ ခေါင်လန်ဖူးမြို့နယ်တွင် လူဦးရေ ၁၁၀ ၀၀၀ ကျော်ရှိပြီး လက်ရှိ ကျေးရွာငယ်လေးများအပါ ကျေးရွာ စုစုပေါင်း ၁၀၀ နီးပါးရှိကြောင်း သိရသည်။