သတင်း

ကန့်ဘလူမြို့နယ် ဇော်ချောင်း ရွာလုံးကျွတ်မီးရှို့ခံရ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ဇော်ချောင်းကျေးရွာ တစ်ခုလုံး ယနေ့ နေ့လည်ခန့်တွင် မီးရှို့ခံလိုက်ရကြောင်း သိရသည်။

တပ်မ ၉၉ လက်အောက်ခံ ခမရ ၃၆၃ စစ်ကြောင်းမှ အင်အား ၇၀ ဝန်းကျင်ရှိကာ ယမန်နေ့ည လွင်ကြီးကျေးရွာတွင် ညအိပ်ပြီး ယနေ့ ဇော်ချောင်းကျေးရွာကို စစ်ကြောင်းပြန်ဝင်ကာ မီးရှို့နေခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

ဒီကနေ့တော့ ဇော်ချောင်းကို အကုန်လုံးကိုမီးရှို့လိုက်တယ်။ နေအိမ်ကတော့ ၁၀လုံးလောက်ပဲကျန်တော့မယ် မနေ့ကလွင်ကြီးမှာအိပ်တယ် ဒီကနေ့မှာ ဇော်ချောင်းကိုတစ်ကျော့ပြန်လာတာပေါ့ ၁၂နာရီဝန်းကျင်လောက်မှာစရှို့တာ ကျန်လည်းနဉ်းနည်းပဲ ပြာပုံအတိဖြစ်သွားပြီဟု ဒေသခံတစ်ဦးကဆိုသည်။

လက်ရှိတွင် အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ဇော်ချောင်းကျေးရွာအနီးရှိ သင်တောကျေးရွာကို လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ကာ ဝင်ရောက်အထိုင်ချကာ ပြည်သူပိုင်နေအိမ်များကိုလည်း ဖျက်ဆီးနေသည်ဟု သူကဆက်ပြောသည်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် ဇော်ချောင်း‌ကျေးရွာကို ပြီးခဲ့သည့် အောက်တိုဘာလ ၄ရက်နေ့က ဝင်ရောက်ကာ နေအိမ် ၄လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ယခုတစ်ကြိမ်တွင် လေးကြိမ်မြောက် မီးရှို့ခံရခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ မီးရှို့မှုကြောင့် ပြည်သူပိုင်နေအိမ် ၃၆၂၀၉ လုံးထက်မနည်း မီးရှို့ ဖျက်ဆီးခံခဲ့ရပြီး စစ်ကိုင်းတိုင်းအတွင်း နေအိမ် ၂၅၃၇၇ လုံးဖြင့် အများဆုံး မီးရှို့ခံခဲ့ရသည်ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က စက်တင်ဘာ၂၀ ရက်နေ့ ထုတ်ပြန်ထားသည်။

ဇော်ချောင်းကျေးရွာသည် ကန့်ဘလူမြို့နယ် မြောက်ဘက်ခြမ်းတွင်တည်ရှိပြီး အိမ်ခြေ ၁၈၀ ခန့် လူဦးရေ ၁ထောင်ဝန်းကျင်ခန့် နေထိုင်သည့် ရွာကြီးဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

Show More

Related Articles

Back to top button