သတင်း

လမုန် ပြည်သူ့စစ်အဖွဲ့မှ ပြည်သူများကို ဖမ်းဆီးရိုက်နက်မှုပြုလုပ်ပြီး ငွေကြေးတောင်းခံနေ

တနိုင်းမြို့နယ် လမုန် (Lamung) ကျေးရွာတွင် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့သည် တနိုင်းမြစ်ချောင်းပေါ် မောင်းနင်းနေသော စက်လှေသမားများထံမှ အတင်းအဓမ္မ ငွေကြေးကောက်ခံနေပြီး ခရီးသည်အချို့လည်း ရိုက်နက်ခံရသည်ဟု သိရသည်။

အောက်တိုဘာလ ၂၈ ရက်နေ့မှ စတင်ကာ ဦးယောဘ (ခီဖာဝူ) ဦးဆောင်သည့် လမုန်ပြည်သူ့စစ်အဖွဲ့သည် လက်နက်အပြည့် အရပ်ဝတ်ဖြင့် တနိုင်းချောင်းနှင့် လမုန်ချောင်း ဆုံသည့်နေရာတွင် တံငါစက်လှေများနှင့် ကုန်တင် စက်လှေများထံမှ ငွေကြေးကောက်ခံမှုများ ပြုလုပ်နေသည်ဟု တနိုင်းဒေသခံတစ်ဦးက KNG ကို ပြောသည်။

ပစ္စည်းပေါ်မူတည်ပြီး ကောက်ကြတယ်။ ကောက်တာကလည်း သိန်းဂဏန်းအထက်ပဲ။ ကုန်ပစ္စည်းပါတဲ့ စက်လှေတွေဆိုရင် ၃ သိန်း၊ ၄ သိန်းအထိတောင်းတယ်။ အဲ့လိုတောင်းတော့ ပြည်သူတွေက ဘာလို့ကောက်တာလဲ။ ဘယ်အဖွဲ့အစည်းကလဲ လို့မေးရင်လည်း နင်တို့သိစရာမလိုဘူး ဆိုပြီးပြန်ပြောတဲ့။ ပြီးရင် သူတို့တားခိုင်းပြီး မရပ်တဲ့ စစ်လှေသမားတွေကို ရအောင်ခေါ်ပြီး ရိုက်နက်တာတွေ လုပ်ပေးတယ်ဟု ပြောဆိုသည်။

ယခုပတ်အတွင်း တနိုင်းချောင်ပေါ်တွင် ပြေးဆွဲသည့် စစ်လှေသမားများကို ရပ်ပေးရန် တားမြစ်ပြီး မရပ်ပေးသည့် စက်လှေသမားများ ဖမ်းဆီးရိုက်နက်ခံရသူ ၇ ဦးအထက်ရှိပြီဖြစ်သည်ဟုလည်း သိရသည်။

ပြည်သူ့စစ်အဖွဲ့သည် ကုန်ပစ္စည်းအပြည့်ပါရှိသည့် စက်လှေတစ်စီးကို ကျပ် ၃ သိန်းမှ ၄ သိန်းဝန်းကျင်အထိ၊ စစ်လှေစီးနင်းပါလာသည့် ပြည်သူများကို သောင်းဂဏန်းကောက်ခံနေပြီး စက်သုံးဆီတစ်ပေပါ  ၂ သောင်းဝန်းကျင်အထိ ကောက်ခံနေကြောင်း သိရသည်။

လမုန်ဒေသတွင် ပြည်သူ့စစ်အဖွဲ့၏ ငွေကြေးအတင်းအဓမ္မကောက်ခံနေသည့် လုပ်ရပ်ကြောင့် ဒေသခံ ပြည်သူများအတွက် သွားလာသည့် လမ်းကြောင်းပိတ်ဆို့မှုများဖြစ်ပေါ်စေကာ လုံးခြုံရေးအတွက်ပါ စိုးရိမ်ရသည့်အခြေအနေဖြစ်နေသည်ဟု သတင်းအရင်းအမြစ်က ဆက်ဆိုသည်။

ဒီဘက်မှာက ကုန်းလမ်းဘက်ကနေ သွားလာဖို့ ခက်ခဲတဲ့အတွက် ရေလမ်းကိုပဲ မှီခိုနေရတဲ့ရွာတွေရှိတယ်။ အဲ့ဒီရွာတွေက သွားလာရေးအတွက်ဆို ကုန်းလမ်းထက် စာရင် ရေလမ်းနဲ့ပဲ သွားကြတယ်။ တစ်ချို့ရွာတွေကို ရေလမ်းနဲ့မှ သွားလို့ရတာရှိတယ်။ ရေလမ်းနဲ့ဆို သွားဖို့လာဖို့ လွယ်ကူတယ် ကုန်ကျစာရိတ်သက်သာတယ် မြန်တယ်။ အခုအဲ့လို ပြည်သူတွေဆီကနေ ငွေတွေပြန်တောင်းနေတော့ ခက်ခဲနေကြတယ်။ နောက်တစ်ခု သူတို့က ရိုက်နက်တာတွေလုပ်တော့ ပြည်သူတွေအတွက် လုံခြုံရေး ပြန်စိုးရိမ်နေရတယ်ဟု ဆိုသည်။

လမုန်ကျေးရွာရှိ ပြည်သူများသည် စားဝတ်နေရေးအတွက် တံငါလုပ်ငန်း နှင့် စိုက်ပျိုးရေးကို လုပ်ကိုင်လျက်ရှိနေသောကြောင့် သွားလာရေးတွင် ရေကြောင်းလမ်းတစ်ခုတည်းကိုသာ အသုံးပြုနေရခြင်းဖြစ်သည်။

အထူးသဖြင့် ရှင်ဗွေယန်မြို့နယ် လမောင် (La Mawng Mare)၊ ဒိုင်ဖာ (Dai Hpa Mare)၊ တုန်မနီနှင့် ဝမ်းပလာ စသည့် ကျေးရွာမှ ဒေသခံများသည် ရေလမ်းကို အဓိက အသုံးပြုနေရပြီး ယခုလိုပြည်သူ့စစ်အဖွဲ့မှ ငွေကြေးအတင်းအဓမ္မတောင်းခံနေသည့်အပေါ် ရပ်တန့်ပေးရန် တောင်းဆိုနေကြသည်။

လီဆူလူမျိုးအများစုနေထိုင်ပြီး ဦးယောဘ ဦးဆောင်သည့် လမုန်ပြည်သူ့စစ်အဖွဲ့ကို ၂၀၁၆ ခုနှစ်တွင် စတင်ဖွဲ့စည်းထားကာ လက်ရှိတွင် အင်အား ၂၀ ကျော်ခန့်သည်။ အဆိုပါအဖွဲ့သည် တနိုင်းဒေသကွပ်ကဲမှုစစ်ဌာနချုပ် ဒကစ လက်အောက်တွင် ရှိသည်။

အောက်တိုဘာလ ၂၃ ရက်နေ့ ဖားကန့် KIA တပ်မဟာ ၉ နယ်မြေတွင် စစ်ကောင်စီမှ ဗုံးကျဲတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်အပြီး လမုန်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် အဆိုပါ ပြည်သူ့စစ်အဖွဲ့တို့ ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားမှုများ ပိုမိုလုပ်ဆောင်လာသည်ဟု ဒေသခံများ ပြောသည်။

Show More

Related Articles

Back to top button