KIA တပ်ရင်း ၁၅ လုံဂျာဘွမ်စခန်းကို သိမ်းပိုက်ခဲ့သည်ဆိုသော စစ်တပ်ထောက်ခံသူများဖြန့်ဝေသော သတင်းအမှား

မိုးမောက်မြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၅ နယ်မြေ လုံဂျာတောင်စခန်းကို အောက်တိုဘာလ ၃၀ ရက်နေ့တွင် စစ်ကောင်စီတပ်မှ သိမ်းပိုက်ရရှိခဲ့သည်ဆိုပြီး သတင်းအမှားကို စစ်တပ်ထောက်ခံသူများ ဖြန့်ဝေထားသည်ကို တွေ့ရသည်။
အဆိုပါသတင်းအမှားကို “Manaw Myay” ဖေ့စ်ဘုတ်စာမျက်နှာတွင် အောက်တိုဘာလ(၃၀) ရက်နေ့ တွင် ရေးသားဖြန့်ဝေခဲ့ပြီးနောက် ကိုလှရွှေ(သတင်းမှန်), Kyaw Swar, Truth media, Myanmar Update News နှင့် ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့ အစရှိသည့် Telegram အကောင်များတွင်လည်း ထပ်မံဖြန့်ဝေလာခဲ့သည်ကို တွေ့ရသည်။
‘Manaw Myay’ ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖြန့်ဝေထားသောအကြောင်းအရာမှာ “စစ်ကောင်စီ တပ်မှ အောက်တိုဘာ ၃၀ ရက်နေ့ မနက် ၅ နာရီ ခန့်တွင် စစ်ကြောင်း ၃ ကြောင်း ဖြန့်ခွဲပြီး KIA တပ်မဟာ (၃ ) ရင်း ၁၅ နယ်မြေ လုံဂျာတောင် မှာရှိတဲ့ KIA/PDF တွေကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး မနက် ၈ နာရီ ခန့်တွင် သိမ်းပိုက်ရရှိခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံမှ သိရသည်” ဟု ဖော်ပြထားသည်ကို တွေ့မြင်နိုင်သည်။
ထို့အပြင် တိုက်ပွဲတွင် KIA/PDF တပ်ဖွဲ့များ သေဆုံးမှုများပြီး တပ်ဆုတ်ခွာထွက်ပြေးခဲ့သည်ဆိုပြီး လုံဂျာတောင်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့သလို ထင်မြင်မိအောင် ရုပ်ပုံများနှင့်တကွ ဖော်ပြထားသည်ကိုလည်း တွေ့မြင်နိုင်သည်။
အဆိုပါအကြောင်းအရာနှင့် ပတ်သက်ပြီး မိုးမောက်ဒေသခံများကို KNG က မေးမြန်းကြည့်ရာ အဆိုပါနေရာသည် လုံဂျာတောင် စစ်တပ်စခန်းမဟုတ်ဘဲ ရွာထိပ်ကုန်းရှိ လက်ဝါးကပ်တိုင်တောင် တစ်ခုသာဖြစ်သည်ဟု ဆိုသည်။
“လက်ဝါးကပ်တိုင်တောင်က ၂ ခုရှိတယ်။ တစ်ခုက လုံဂျာတောင်မှာ အဲဘက်ကိုတော့ ရောက်ဖို့ခက်တယ်။ အစကတည်းက ရွာထိပ်ကုန်းနားက လက်ဝါးကပ်တိုင် တောင်မှာ သူတို့ရောက်နဲ့ပြီ။ အခုမှ ဓါတ်ပုံတင်တယ်ဆိုတော့ ဘာကာကွယ်ဖို့ လိုချင်လဲမသိဘူး။ ဒီနေရာက စစ်တပ်စခန်းတော့မဟုတ်ဘူး။ ဒါပေမယ့် သွားသွားလာလာ ဖြတ်သန်းတဲ့နေရာတော့ဟုတ်တယ်။” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက KNG ကို ပြောသည်။
အောက်တိုဘာလ ၃၀ ရက်နေ့တွင် မြင်တွေ့ရသော ဗီဒီယိုဖိုင်တစ်ခုတွင် မိုးမောက်မြို့နယ် လုံဂျာဘွမ်တောင်ဘက် ထိုးစစ်ဆင်တက်လာသည့် စစ်ကောင်စီတပ်သား အများအပြားသေဆုံးနေကို တွေ့ရသည်။
ထို့ကြောင့် “KIA တပ်ရင်း (၁၅) နယ်မြေ လုံဂျာဘွမ်တောင်စခန်းကို စစ်ကောင်စီမှ သိမ်းပိုက်နိုင်ခဲ့လိုက်ပြီဆိုသော သတင်းသည် စစ်ကောင်စီ ထောက်ခံသူများ၏ ဆန္ဒအရ လုပ်ကြံထားသော သတင်းအမှားတစ်ခုသာဖြစ်သည်။
မိုးမောက်မြို့နယ် KIA တပ်မဟာ ၃ တပ်ရင်း ၁၅ နယ်မြေ လုံဂျာဘွမ်တွင် အောက်တိုဘာလ ၂၂ ရက်နေ့မှစတင်ပြီး ယနေ့အချိန်အထိ KIA နှင့် စစ်ကောင်စီတပ်ဖွဲ့များ ဆက်လက်တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည်။
ယခုအချိန်တွင် စစ်ကောင်စီကို ထောက်ခံသူများသည် စစ်အာဏာရှင်အမြစ်ဖြုတ်ရန် ဆန့်ကျင်တော်လှန်နေကြသော အစုအဖွဲ့များနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်ပတ်သက်သော ဝါဒဖြန့်သတင်းအမှားများကို လူမှုစာမျက်နှာပေါ်တွင် ရေးသားဖြန့်ဝေနေကြသည်။
ထို့ကြောင့် စာဖတ်ပရိသတ်များအနေဖြင့် ကချင်ဒေသတွင်း သတင်းများကို ဖတ်ရှုရာတွင် ဒေသအခြေစိုက် သတင်းမီဒီယာများမှ တဆင့် သတင်းမှန်ကို အတည်ပြုရန် လိုအပ်ပါသည်။