တိုက်ပွဲသတင်း

ကန့်ဘလူတွင် ၁၀ ရက်တွင်း စစ်ကောင်စီတပ် ၃၀ ဦးခန့်သေဆုံးပြီး ကာကွယ်ရေးတပ်ဘက်မှ ၄ ဦးဖမ်းဆီးခံရ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် အရှေ့တောင်ဘက်ခြမ်းရှိကျေးရွာများတွင် လှုပ်ရှားသွားလာနေသော စစ်ကောင်စီ စစ်ကြောင်းကို ဒေသခံကာကွယ်ရေးတပ်များ တိုက်ခိုက်မှုကြောင့် ၃၀ ဦးခန့် သေဆုံးခဲ့ပြီး ဒေသခံကာကွယ်‌ရေးတပ်ဘက်က ၄ဦး ဖမ်းဆီးခံခဲ့ရသည်ဟု ကန့်ဘလူဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၂ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်သည် ကန့်ဘလူမြို့၆၀၀၆ စစ်ကြောင်းနှင့် ပျူစောထီး ၂၀၀ ဝန်းကျင်ဖြင့် ကန့်ဘလူမြို့နယ်အရှေ့တောင်ဘက်ခြမ်းကို သွားလာနေစဉ် ယနေ့အထိ ၁၀ ရက်တာအတွင်း ဒေသခံကာကွယ်ရေးတပ်များ၏ မိုင်းဆွဲတိုက်ခိုက်ခြင်း ဝေဟင်မှ ဒရုန်းဖြင့်တိုက်ခိုက်ခြင်းတို့ကြောင့် စစ်ကောင်စီဘက်က ကျဆုံးမှု ရှိခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

ကန့်ဘလူရဲ့ အရှေ့တောင်ဘက်ကကျေးရွာတွေကို ပြီးခဲ့တဲ့တစ်ပတ်ကျော်ကစပြီး ပျူနှင့်စခ အင်အား၂၀၀ကျော်နဲ့ ပတ်ဝင်ပြီးမီးရှို့နေတာ သူတို့ဘက်ကမီးရှို့လာပြီဆို မိုင်းနဲ့ကာခဲ့တာမျိုးတွေပေါ့။ ကျနော်တို့သိသလောက် ဖုန်းမိုင်းနှစ်လုံးနဲ့ မိမိရရ တိုက်ခိုက်နိုင်လိုက်တာ ပျူတွေနဲ့ခွေးတွေတော်တော်ပြုတ်သွားတယ် သိသလောက်၃၀လောက်ဂန့်သွားတယ် ကြားတယ်။ တစ်ယောက်ကတော့သေနတ်ဒဏ်ရာနဲ့ ပြန်လွှတ်လာတယ် ဟု ကန့်ဘလူဒေသကာကွယ်‌ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ဖမ်းဆီးခံခဲ့ရသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦးမှာ ရွာမရွာမှ အသက်၂၀ ဝန်းကျင်အရွယ်များဖြစ်ကြပြီး စစ်ကောင်စီဘက်က ဝင်ရောက်နေသည့် ၁၀ ရက်အတွင်း ကျွန်းပင်ကုန်းကျေးရွာမှ ရဟန်းနှစ်ပါးနှင့် ဒေသခံ၄ဦးတို့လည်းဖမ်းဆီးခံခဲ့ရကာ ယနေ့အချိန်ထိ အဆက်အသွယ်တေစ်စုံတစ်ရာ မရရှိသေးကြောင်း သူက ဆက်ပြောသည်။

ထို့အပြင် ယနေ့ မနက်ပိုင်းတွင် အဆိုပါစစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့များသည် မဲသည်ကျေးရွာကို မီးတင်ရှို့ခဲ့ပြီး ဇီးပင်သာကျေးရွာဘက်သို့ စစ်ကြောင်းရောက်ရှိနေသည်ဟု သိရှိရသည်။

စစ်ကောင်စီဘက်က ပြီးခဲ့သည့်အောက်တိုဘာ ၂၂ မှ ယနေ့အထိ ၁၀ ရက်တာအတွင်း ကန့်ဘလူမြို့နယ်အရှေ့တောင်ဘက်ခြမ်းရှိ ဉာဏ်အင်းကျေးရွာမှ နေအိမ်၁၁လုံး၊ ရွာမကျေးရွာမှ နေအိမ် ၈ လုံး၊ အင်းလယ်ကြီးကျေးရွာမှ နေအိမ် ၁၃၂ လုံး မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။

ယခုလို စစ်ကောင်စီတပ်ဘက်မှ ကန့်ဘလူမြို့နယ် အရှေ့တောင်ဘက်ခြမ်းသို့ စစ်ကြောင်းထိုးကာ နေအိမ် မီးရှို့သွားသောကြောင့် ရွာပေါင်း၂၀ ကျော်မှ ပြည်သူ ၃သောင်းနီးပါး အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည်ဟု သိရှိရသည်။

Show More

Related Articles

Back to top button