သတင်း

ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မူကြောင့် ကလေးငယ်တစ်ဦးသေဆုံး၊၃ဦးဒဏ်ရာရ

ကန့်ဘလူမြို့နယ် ဇီးကနားကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်မူကြောင့် နေအိမ်တစ်လုံး မီးလောင်ကာ ၁၃နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ယမန်နေ့ ညနေ ၂ နာရီဝန်းကျင်တွင် ကန့်ဘလူမြောက်ဘက်ခြမ်း ခမရ ၃၆၃ ကိုးတောင်ဘို့အထိုင် စစ်ကောင်စီတပ်ဖွဲ့များက ဇီးကနားကျေးရွာကို လက်နက်ကြီးဖြင့်အကြောင်းမဲ့ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကဆိုသည်။

အသက်မပြည့်သေးတဲ့ကလေးငယ်တစ်ယောက်ကတော့ ဦးခေါင်းပွင့်ထွက်ဒဏ်ရာနဲ့သေဆုံးသွားတယ်။ ၆၈နှစ်အရွယ်အမျိုးသမီးတစ်ဦးက အသက်အန္တရာယ်စိုးရိမ်ရပါတယ်။ ဗိုက်ပွင့်ထွက်ပြီး အူတွေပါမြင်နေရတဲ့အနေအထားပါ ၆၇နှစ်အရွယ် နောက်ထပ်အမျိုးသမီးကတော့ လက်ကိုထိခိုက်ဒဏ်ရာရပါတယ် ၇နှစ်အရွယ် မိန်းကလေးငယ်ကတော့ ဦးခေါင်းနဲ့ရင်ညွန့်မှာဒဏ်ရာရတယ် သူတို့နှစ်ဦးကတော့ အသက်အန္တရာယ်ကတော့မစိုးရိမ်ရပါဘူး”ဒေသခံတစ်ဦးက ဆိုသည်။

ထို့အပြင် ဇီးကနားကျေးရွာရှိ ရွာသား ၁၄ ဦး ကိုလည်း အကြောင်းမဲ့ဖမ်းဆီးသွားပြီး ယခုအချိန်ထိ အဆက်အသွယ် တစ်စုံတစ်ရာ မရရှိသေးကြောင်း သူကဆက်ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့များသည် ဇီးကနားကျေးရွာနှင့်အနီးတစ်ဝှိုက်ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက်နေ့ကတည်းက ဝင်ရောက် စစ်ကြောင်းထိုးနေသောကြောင့် ဒေသခံအများအပြား ဘေးလွှတ်ရာသို့ တိမ်းရှောင်နေရသည်ဟု သိရှိရသည်။

လက်ရှိ အဆိုပါစစ်ကြောင်းသည် ကိုးတောင်ဘို့မြောက်ဘက်ရှိ ပေါက်ဦးကုန်းတွင် တပ်စွဲထားလျှက်ရှိသည်ဟု သိရသည်။

ဇီးကနားကျေးရွာသည် ကန့်ဘလူမြို့နယ် မြောက်ဘက်ခြမ်းတွင်တည်ရှိပြီး အိမ်ခြေ ၃၀၀ ဝန်းကျင် ရှိသည်ဟု ဒေသခံများထံမှ သိရသည်။

Show More

Related Articles

Back to top button