သတင်း

ဖားကန့်တွင် ဆန်တစ်အိတ် တစ်သိန်းကျော်အထိ စျေးနှုန်းမြင့်တက်လာ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ် ဆန်နှင့် စက်သုံးဆီများ တင်ပို့ခွင့် ပိတ်ဆို့ထားဆဲဖြစ်သည့်အတွက် ဆန်တစ်အိတ် တစ်သိန်းကျော်အထိ စျေးနှုန်းမြင့်တက်လာသည်ဟု ဖားကန့်ဒေသခံများထံမှသိရသည်။

အောက်တိုဘာလ ၂၅ ရက် နောက်ပိုင်း ဖားကန့်မြို့ပေါ်နှင့် လုံးခင်း၊ ဆိုင်းတောင် နေရာများတွင် ဆန်စျေးနှုန်းများ ခင်စျေးနှုန်းထက် အဆမတန် မြင့်တက်သွားပြီး ဆန်ဆိုင်အချို့မှာ ပိတ်ထားသည်ကို မြင်တွေ့ရကြောင်း လုံးခင်းဒေသခံ အမျိုးသမီးတစ်ဦးက KNG ကိုပြောဆိုသည်။

ဆန်စျေးကတအားတက်လာတယ် ဟိုနေ့က သွားဝယ်တာ ပေါ်ဆန်းမွှေးတစ်အိတ်ကို တစ်သိန်း တစ်သောင်းအထိတက်သွားပြီ။ အရင်တုန်းကဆို ၇ သောင်းပဲရှိတာ။ ဧရာပဒေသာဆန်က ၈ သောင်းအထိတောင် စျေးတက်သွားတယ် အဲ့ဒါလည်းအရင်တုန်းက ၅ သောင်းပဲပေးရတယ်။ ဆန်စျေးတွေ အကုန်တက်တယ် တစ်မျိုးကို သုံး လေးသောင်းလောက်ကို တက်သွားတယ်ဟုပြောသည်။

ယခုလို စစ်သုံးဆီနှင့် ဆန်စျေးနှုန်းများမြင့်တက်လာခြင်းသည် ဖားကန့်သွားလမ်း နန့်ယားကျေးရွာအဝင် စစ်တပ်ဂိတ်တွင် ဖားကန့်ဘက်သို့ တင်ပို့မည့် ဆန် နှင့် စက်သုံးဆီ တင်ပို့ခွင့်ပိတ်ဆို့ထားသည်။

ဖားကန့်တွင် အောက်တိုဘာလ ၁၅ ရက်နောက်ပိုင်းမှစတင်ကာ ဆန်နှင့် စက်သုံးဆီ တင်ပို့ခွင့်များပိတ်ဆို့ခံထားရပြီး နိုဝင်ဘာလ ၄ ရက်နေ့အထိ တစ်လခန့်ကြာမြင့်လာပြီဖြစ်သည်။

အခုဆို ဆန်ဆိုင်တွေလည်း တဖြေးဖြေးနဲ့ ပိတ်လာတယ် တစ်ချို့က ဆန်အဝင်မရှိလို့ပြောကြတာပဲ။ ပြီးခဲ့တဲ့အပတ်မှာ ၃ အိတ်သွားဝယ်တာ အဝင်မရှိဘူးဆိုပြီး သိပ်မရောင်းချင်ဘူး။ နောက်လူတွေလည်း ဝယ်ရမယ်လို့ပြောလာတယ်ဟု လုံးခင်း ဒေသခံအမျိုးသမီးက ဆက်ဆိုသည်။

ဖားကန့်မြို့နယ်တွင် ဆန်စျေးနှုန်းအပြင် စက်သုံးဆီများလည်း အဝင်မရှိသည့်အတွက် ဓါတ်ဆီ တစ်ဂါလံတွင် ၂၀၀၀၀ ကျပ်အထိ ပေးဝယ်နေရသည်ဟုသိရပြီး ဆီဆိုင်အချို့မှာပိတ်ထားဆဲဖြစ်သည်ဟု ဒေသခံများပြောဆိုသည်။

လက်ရှိ ဖားကန့်တွင် လုံးခင်းနှင့် ဆိုင်းတောင် နေရာများတွင်သာမက ဖားကန့်လမ်းတစ်လျှောက် နန့်ယားကျေးရွာနှင့် တဆက်တည်းရှိသော ကပ်မှော်၊ ဆိုင်းဖရာ၊ ခွမ်ဆိုင်ယန်နှင့် တံတားညီနောင် စသည့် ကျေးရွာတွင်လည်း ဆန်နှင့်စက်သုံးဆီ ပြတ်လပ်လာမှုကြုံတွေ့နေရသည်ဟု ဒေသခံများပြောဆိုချက်မှသိရသည်။

စစ်ကောင်စီတပ်သည် ဖားကန့် ဒေသတွင် KIA ရရှိနေသော ဝင်ငွေများကို ပိတ်ဆို့ရန်အတွက် ယခုလိုလုပ်ဆောင်လာခြင်းဖြစ်သည်ဟု ဒေသခံများက ပြောဆိုနေကြသည်။

Show More

Related Articles

Back to top button