သတင်း

ဖားကန့်တစ်မြို့နယ်နေရာအနှံ့တွင် စစ်ကောင်စီက တစ်ပြိုင်နက်တည်း လက်နက် ရမ်းသမ်းပစ်ခတ်

ဖားကန့်မြို့တွင် ယမန် နေ့ညက တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီအဖွဲ့က လက်နက်များ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဒေသခံများပြောသည်။

နိုဝင်ဘာလ ၄ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ် အချိန်တိတိတွင် ဖားကန့်မြို့ပေါ်နှင့် ကျေးရွာများတွင် တစ်ပြိုင်နက်တည်း စစ်ကောင်စီက လက်နက် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဖားကန့် ဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။

ဟုတ်တယ် အားလုံးနေရာတိုင်းမှာ တစ်ပြိုင်နက်တည်းပစ်တာ အတွဲလိုက်ပစ်တာဘာအဓိပ္ပယ်လည်းတော့ မသိဘူး။ တပ်လှန့်တဲ့သဘောလားဆိုတော့လည်း တစ်ချက်နှစ်ချက်ပစ်တာမဟုတ်ဘူး။ အတွဲလိုက် အတွဲလိုက်ပစ်တာ ဝှေခါပစ်တယ်၊ ဆိုင်းဂျာဘွမ်ပစ်တယ် နန့်ယားကစပစ်တယ် ဘာသဘောလည်းတော့မသိဘူး။ တိုက်ပွဲ ဖြစ်တာလည်းမရှိပဲနဲ့ပစ်တာ၊ စက်လက်တွေလည်းပစ်တယ်ဟုပြောသည်။

လက်နက်ဖြင့် မရပ်မနား ရမ်းသမ်းပစ်ခတ်မှုသည် မိနစ် ၂၀ ကျော်ခဲ့ပြီး ဖားကန့်မြို့၊ ဆိုင်းတောင်၊ လုံးခင်း၊ ဆန်းကြွယ်၊ ဝှေခါ၊ ဆိုင်းဂျာဘွမ် နန့်ယား စသည့်တပ်စခန်းများမှ ပစ်ခတ်ခဲ့ကြောင်း ဒေသခံများကဆိုသည်။

အလားတူ ယမန်နေ့ ည ၅ နာရီခွဲအချိန်ခန့်တွင်လည်း ဖားကန့် မှော်ဝမ်းရပ်ကွက်ရှိ စီးပွားရေးဘဏ်နှင့် စည်ပင်ရုံးကြားတွင် ပေါက်ကွဲမှုဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် ၃ ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

စစ်ကောင်စီသည် အောက်တိုဘာ ၂၃ ရက်နေ့က KIA တပ်မဟာ ၉ နယ်မြေရှိ အနန့်ပါကို လေယာဥ်ဖြင့်ဗုံးကျဲတိုက်ခိုက်ပြီးနောက် ဖားကန့်တစ်မြို့နယ်လုံးတွင် စစ်အင်အားဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားမှုလည်း ပိုမိုပြုလုပ်လာကြောင်းသိရသည်။

Show More

Related Articles

Back to top button