တိုက်ပွဲသတင်း

လုံဂျာဘွမ်တောင်ခြေ ကျေးရွာများတွင် တပ်စွဲထားသည့် စစ်သားများ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူဖျက်ဆီးနေ

ကချင်ပြည်နယ် မိုးမောက်မြို့နယ် လုံဂျာဘွမ်တောင်ခြေရှိ နောင်ပေါင်း၊ တပ်စခန်းနှင့် လုံဂျာကျေးရွာတို့တွင် စစ်ကောင်စီတပ်သားများ တပ်စွဲနေထိုင်လျက်ရှိနေပြီး ပြည်သူပိုင်ပစ္စည်များကို ခိုးယူ ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း ဒေသခံပြည်သူများထံမှသိရသည်။

ပြီးခဲ့သော အောက်တိုဘာလ ၂၂ ရက်နေ့မှစကာ စစ်အင်အား ၆၀၀ ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့သည် အဆိုပါ ကျေးရွာများတွင် တပ်ဖြန့်ချ နေထိုင်လျက်ရှိနေပြီး ယခုလိုလုပ်ဆောင်နေသည်ဟု မိုးမောက်မြို့နေ အမျိုးသားတစ်ဦးက KNG ကိုပြောသည်။

နောင်ပေါင်း၊ လုံဂျာ၊ တပ်စခန်း အဲ့ဒီရွာတွေအကုန်လုံးမှာ သူတို့က လုပ်ချင်သလို နေနေကြတယ်။  အိမ်တွေမှာ တပ်ထားတဲ့ Wifi တွေလည်း ယူသုံးသာမက တခါတည်းယူသွားပေးတယ်။ ရွာမှာရှိတဲ့ ကြက်တွေ ဝက်တွေ ကြိုက်သလို ရိုက်သတ်စားပေးတယ်။ နွားတွေကိုလည်း သေနတ်နဲ့ ပစ်သတ်စားကြတယ်။ ပြီးရင် အိမ်တွေလည်း ရိုက်ဖွင့် ဖျက်းဆီးနေတာတွေလုပ်ပေးတယ်။ သူတို့က အိမ်တိုင်းလိုလိုမှာရှိနေတယ်ဟုပြောဆိုသည်။

စစ်အင်အား ၆၀၀ ဝန်းကျင်ရှိသည့်အနက် တစ်ရွာတွင် ၂၀၀ ခန့် တပ်ဖြန့်ချထားသည်ဟုသိရသည်။

မိုးမောက်မြို့၏ အရှေ့ဘက်ခြမ်းရှိ လုံဂျာဘွမ်တောင်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF တို့ရှိသည့်နေရာဘက်တွင် စစ်ကောင်စီဘက်မှ အောက်တိုဘာလ ၂၂ ရက်နေ့မှစတင်ပြီး လေကြောင်းလိုင်းအပါအဝင် မြေပြင်တွင် စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဒေသခံပြည်သူများ၏ ပြောဆိုချက်အရ စစ်ကောင်စီဘက်မှ လုံဂျာဘွမ်တောင်ကုန်းကို သိမ်းပိုက်ရန် အဆိုပါကျေးရွာများတွင် လက်ရှိအချိန်အထိ တပ်စွဲနေထိုင်လျက်ရှိနေပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများလုပ်ဆောင်နေကြောင်းသိရသည်။

သူတို့က တောင်ထိပ်ဘက်ကို မတက်ရဲလို့ တောင်ခြေမှာပဲ ရှိနေကြတာဟုတ်တယ်။ အခုဆိုရင် ၁ လလောက်ရှိနေပြီ မြေပြင်ကနေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ နေ့တိုင်းလိုလိုပစ်နေတာ။ ဒီလဆန်းပိုင်းဘက်မှာတော့ လက်နက်သံတွေသိပ်မကြားရတော့ဘူး။ တစ်ခါတစ်လေလောက်ပဲ ကြားရတော့တယ်။ အခုက ဆုတ်သွားတာလည်းမရှိဘူး ရွာထဲမှာပဲ ဒီတိုင်းရှိနေကြတယ်ဟု နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

ယခုလို စစ်အင်အားအများအပြား ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲနေသည့်အပြင် လက်နက်ကြီးများရမ်းသမ်းပစ်ခတ်မှုကြောင့် လုံဂျာဘွမ်တောင်ခြေ အနီးတဝိုက်ရှိ လုံဂျာ၊ နောင်ပေါင်း၊ တပ်စခန်း၊ ဝဝမ်နှင့် ခါးနန် စသည့် ကျေးရွာနေပြည်သူများမှာ မိုးမောက်မြို့နှင့် ဗန်းမော်မြို့ပေါ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

Show More

Related Articles

Back to top button