သတင်း

ဗန်းမော်တွင် လိုင်စင်မဲ့ ဖမ်းဆီးထားသည့် ဆိုင်ကယ်များကို တစ်စီးလျင် ၂ သိန်းကျပ်ဖြင့်ရွေးယူခိုင်းနေ

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ပြည်သူများ၏ ကားနှင့်ဆိုင်ကယ် လိုင်စင်မဲ့ဖမ်းဆီးနေပြီး ဆိုင်ကယ်တစ်စီးတွင် ဒဏ်ငွေ ၂ သိန်းကျပ်ဖြင့် လာရောက်ရွေးယူခိုင်းနေကြောင်း ဗန်းမော်ဒေသခံများထံမှသိရသည်။

နိုဝင်ဘာလ ၆ ရက် ယမနေ့တွင် စစ်ကောင်စီရဲနှင့်စစ်သားများအပါအဝင် ယာဉ်ထိန်းများနှင့်ပူးပေါင်းပြီး ဗန်းမော် ၂ မိုင်ရပ်ကွက်၊ နာရီစင်အနီး၊ နောင်ခိုရပ်ကွက်နှင့် ဗန်းမော် ၅ မိုင်လမ်းမကြီးနေရာများတွင် ပိတ်ဆို့ထားကာ ဖမ်းဆီးမှုများပြုလုပ်ခဲ့သောကြောင့် ဆိုင်ကယ်အစီး ၁၀၀ ကျော်နှင့် ကားအစီး ၃၀ ကျော်ဖမ်းဆီးခံထားရသည်ဟု နောင်ခိုရပ်ကွက်နေ အမျိုးသမီးတစ်ဦး KNG ကိုပြောသည်။

ယာဉ်မောင်းလိုင်စင်မပါတာ ခေါင်းစဉ်တပ်ပြီးအကုန်ဖမ်းခံရတာ ဦးထုပ်၊ ဘက်မှန်၊ ယာဉ်မောင်းလိုင်စင် မပါတဲ့သူတွေကို အကုန်ဖမ်းတယ်။ တွေ့ရသလောက်က ဆိုင်ကလုန်း ဆိုင်ကယ်က ၁၅စီးလောက်ပါတယ်။ ကျန်တာက Kenbo ဆိုင်ကယ်တွေကြီးပဲ။ သူတို့က ဘယ်သူမှမထင်တဲ့အချိန်ဖမ်းတာဆိုတော့ အကုန်နီးပါးလောက်ဖမ်းခံရတာ။ နောက်ကားတွေလည်းဖမ်းတယ် ကြားရသလောက်က ဒီနေ့ရွေးခိုင်းမယ်လို့တော့သိရတယ်ဟုပြောဆိုသည်။

ယမန်နေ့  နံနက်ပိုင်း ၈နာရီမှ မွန်းလွှဲ ၃ နာရီဝန်းကျင်အထိ ဖမ်းဆီးမှုများပြုလုပ်ခဲ့သဖြင့် ဖမ်းဆီးထားသည့် ဆိုင်ကယ်များကို စစ်ကားများနှင့် သယ်ယူသွားပြီးနောက် ယနေ့တွင် ဆိုင်ကယ်တစ်စီးတွင် ဒဏ်ငွေ ၂ သိန်းကျပ်ပေးဖြင့် လာရောက်ရွေးယူခိုင်းနေသည်ဟု သူကဆက်ဆိုသည်။

လက်ရှိတွင် ကားအပါအဝင် ဖမ်းဆီးခံထားရသည့် ကားအစီး ၃၀ ကျော်ကို ပြန်ရွေးခိုင်းရန် ရှိမရှိ အသေးစိတ်မသိရသေးပါ။

ဗန်းမော်မြို့တွင် ပြီးခဲ့သော ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းတွင်လည်း ယခုကဲ့သို့ ပြည်သူများ၏ ဆိုင်ကယ်များကို လိုင်စင်မဲ့ဖမ်းဆီးခဲ့ပြီး ပြည်သူများကို ဒဏ်ငွေ ၂ သိန်းကျပ်မှ ၃ သိန်းအထိ ပေးဆောင်ခိုင်းကာ လာရောက်ရွေးယူမှုများရှိခဲ့သည်ဟုလည်းသိရသည်။

Show More

Related Articles

Back to top button