တိုက်ပွဲသတင်း

အင်းတော် ၂ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီ စစ်သား ၂၀ ကျော်သေဆုံး

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KIA  PDF တို့ကြား ဖြစ်ပွားခဲ့သည့် ၂ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၂၀ ကျော် သေဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်မှ သိရသည်။

စစ်ကောင်စီတပ်နှင့် KIA  PDF တို့သည် အင်းတော်မြို့နယ် နန်းမကြိုင်ကျေးရွာအနီးတွင် နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် တစ်ကြိမ်၊ နိုဝင်ဘာလ ၁၄ရက်နေ့ ည ၄နာရီအချိန်တွင် ကမ်းနီကျေးရွာထိပ်၌တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်က ၂၀ ကျော်သေဆုံးခဲ့ကြောင်း အင်းတော် PDF တာဝန်ရှိသူတစ်ဦးက KNG ကိုပြောသည်။

၁၃ရက်နေ့မှာက နန်းမကြိုင်ကနေ အင်းတော်ဘက်ကိုဆင်းလာတာ အင်အား ၁၀၀လောက် ပထမဦးဆုံးသူတို့က မိုင်းကွင်းထဲကိုဝင်ခဲ့တာဝင်ခဲ့တော့ မိုင်းဆွဲလိုက်တာ အဲ့မှာသူတို့ဟန်ပျက်သွားတော့မှ ဒီဘက်စပစ်တာ အပြန်အလှန်တစ်နာရီလောက်ကြာ တယ်ပစ်ကြတာ အဲ့မှာပွဲချင်းပြီးသုံးယောက်သေတယ် တစ်ယောက်ကဒဏ်ရာနဲ့ ကသာဆေးရုံမှာသေတယ်ဟု အင်းတော် PDF မှတာဝန်ရှိသူတစ်ဦးကပြောသည်။

နန်းမကြိုင်ကျေးရွာအနီးတိုက်ပွဲတွင် ပြင်းထန်ဒဏ်ရာ ရရှိသူ ၅ဦးအထိရှိခဲ့ပြီး သေဆုံးရုပ်အလောင်း ၄ လောင်းကို နားမကြိုင်ကျေးရွာထိပ်တွင် စစ်ကောင်စီက မြှုပ်နှံထားကြောင်း သိရသည်။

အလားတူ နိုဝင်ဘာ ၁၄ ရက်နေ့တွင်လည်း ကသာဘက်မှ ဆင်းလာသည့်စစ်ကြောင်းနှင့် အင်းတော်ဘက်မှ တက်လာသည့်စစ်ကြောင်းတစ်ကြောင်းတို့ ပူးပေါင်းသွားပြီး အင်အား ၈၀ ကျော်ခန့်ရှိခဲ့ရာ ယင်းစစ်ကြောင်းသည် ညပိုင်း၌ ကမ်းနီကျေးရွာအတွင်းသို့ ဝင်ရောက်ခဲ့ရာ KIA နှင့် PDF တို့က စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုများခဲ့ကြောင်း သိရသည်။

၁၄ ရက်နေ့ကတော့ သူတို့က ကမ်းနီရွာထိပ်မှာ ကားတစ်စီးကိုကြောဆွဲပြီးတော့တက်ဖို့လုပ်နေတာ အဲ့တာကို KIA နှင့် PDF တွေက အနောက်ကနေခြုံခိုပြီး မှတိုက်ခိုက်ခဲ့တာ အဲ့မှာ ဒဏ်ရာရတဲ့ဟာနဲ့သေတဲ့ဟာတွေကို မှန်လုံကားနဲ့ အင်းတော်ဆေးရုံထဲ ပြန်သယ်သွားတာ ဆေးရုံရောက်တော့ Nurse မတွေတောင်ဖွင့်မကြည့်ရသေးဘူးအကုန်လုံးကို အင်းတော်ရိက္ခာကုန်းဘက် (စစ်တပ်ကုန်း)ဘက်ကိုသယ်သွားတာ။ အဲ့အင်အား ၈၀ ကျော်စစ်ကြောင်းက အင်အား ၆၀လောက်ပဲကျန်တော့တယ် ၂၀ နီးပါးသေတယ်ဟု အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကမ်းနီရွာ ထိပ်တိုက်ပွဲတွင် နာရီဝက်ကျော်အကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ကာကွယ်ရေးတပ် နှင့် KIA တို့ဘက်မှ ထိခိုက်သေဆုံးမှု မရှိခဲ့သော်လည်း စစ်သားဘက်မှ ၂၀ နီးပါးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်ခံရသည့်စစ်ကြောင်းနှစ်ကြောင်းသည် အောက်တိုဘာလ ထီးချိုင့်နှင့် အင်းတော်မြို့မှ သွားလိုက်သည့် စစ်ကြောင်းဖြစ်ပြီး တိုက်ခိုက်ခံရမှု နောက်ပိုင်းလက်ရှိ အင်းတော်မြို့တွင်းသို့ ရောက်ရှိနေကြောင်း သိရသည်။

Show More

Related Articles

Back to top button