သတင်း

အူဗျစ် ကျေးရွာမှ နေအိမ်တစ်အိမ်ကို စစ်ကောင်စီတပ်က ဘက်ဟိုးဖြင့် ဖျက်ဆီးဖြိုချ

မြစ်ကြီးနားမြို့ အူဗစ် (U Byit) ကျေးရွာတွင် ဖမ်းဆီးခံရသူ KIO အရာရှိများထဲမှ တစ်ဦး၏ ဆွေမျိုးနေအိမ်ကို စစ်ကောင်စီတပ်မှ ယနေ့ နံနက်ပိုင်းတွင် ဘက်ဟိုးဖြင့် သွားရောက်ဖျက်ဆီးလိုက်သည်ဟု သိရသည်။

နိုဝင်ဘာ ၁၆ ရက် ယနေ့နံနက် ၅ နာရီအချိန်တွင် စစ်ကောင်စီကား ၅ စီးဖြင့် အင်အား ၅၀ ကျော်ခန့်ဖြင့် ရောက်ရှိလာပြီးနောက် အာလမ်အုပ်စု အူဗစ်ကျေးရွာရှိ နေအိမ်တစ်အိမ်ကို ဘက်ဟိုးဖြင့် ဖျက်ဆီးဖြိုချခဲ့ကြောင်း ဒေသခံ တစ်ဦးက KNG ကိုပြောသည်။

“KTV မှာဖမ်းဆီးခံရတဲ့ KIO အရာရှိတွေရဲ့အဆက်အစပ်ပေါ့။ အဲ့ထဲကတစ်ဦးနဲ့ ဆွေမျိုးတော်တာဟုတ်တယ်။ ဒီမနက်တော့ စစ်ကား ၃ စီး အင်အားက ၃၀ နဲ့ ၅၀ ကြားမှာရှိတယ်။ ရောက်လာပြီး အိမ်ကို လာဖြိုချဖျက်ဆီးပစ်သွားတာ။ အိမ်က ပျဉ်ထောင်အိမ် ၂ ထပ်ဟုတ်တယ်။” ဟု အူဗစ်ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်မှ ယမန်နေ့ နိုဝင်ဘာ ၁၅ ရက်နေ့တွင် ၎င်းနေအိမ်သို့ ကားဖြင့် လာရောက်စစ်ဆေးမှုရှိခဲ့ပြီး နေအိမ်အတွင်း ရွှေ၊ ငွေ နှင့် အဖိုးတန်ပစ္စည်းများကို ယူဆောင်သွားကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ ရက်နေ့ မနက်ပိုင်း မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် KIO အရာရှိ ၁၃ ဦးကို စစ်ကောင်စီ ဖမ်းဆီးသွားခြင်းဖြစ်သည်။

ထို့နောက် ၎င်းတို့နှင့် ဆက်စပ်သူများကို လိုက်လံဖမ်းဆီးနေသည့်အပြင် နေအိမ်နှင့် ပိုင်ဆိုင်မှုများကိုလည်း စစ်ကောင်စီလိုက်လံ ရှာဖွေ စစ်ဆေးမှုများ ဆက်တိုက်ပြုလုပ်နေသည်ဟု သိရပါသည်။

Show More

Related Articles

Back to top button