သတင်း

လုံဂျာဘွမ်တောင်ဘက် စစ်ကား ၁၈ စီးဖြင့် စစ်ရိက္ခာများအပါ အင်အားဖြည့်တင်း

ကချင်ပြည်နယ် မိုးမောက်မြို့နယ် လုံဂျာဘွမ်တောင်ကုန်းဘက်တွင် စစ်ကောင်စီအဖွဲ့ စစ်အင်အားအများအပြားဖြင့် လက်နက်ခဲယမ်းများနှင့် စစ်ရိက္ခာများ သယ်ယူပို့ဆောင်နေကြောင်း ဒေသခံများထံမှသိရသည်။

လုံဂျာဘွမ်တောင်ခြေရှိ လုံဂျာရွာ၊ နောင်ပေါင်းနှင့် ဝဝမ်ကျေးရွာ အနီးတဝိုက်တို့တွင် ခြေကုပ်နေရာယူထားသည့် စစ်ကောင်စီအဖွဲ့သည် ယခုရက်ပိုင်း စစ်ရိက္ခာတင် စစ်ကား ၈ စီးနှင့် စစ်သားများသီးသန့် ပါရှိသည့် စစ်ကား ၁၀ စီး တို့ဖြင့် လုံဂျာဘွမ်တောင်ကုန်းဘက်သို့ ပို့ဆောင်နေကြောင်း မြင်တွေ့ရှိသူများကပြောသည်။

ထိုသို့ စစ်ကောင်စီဘက်မှ စစ်အင်အားတိုးချဲ့ လုပ်ဆောင်နေသည့်အတွက် တိုက်ပွဲထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်နေရကြောင်း မိုးမောက်မြို့နေခံ အမျိုးသားတစ်ဦး KNG ကိုပြောသည်။

ဒီရက်ပိုင်းအတွင်း စ်စကောင်စီတွေဘက် အရမ်းပြင်ဆင်နေတာကို တွေ့ရတယ် ၁၄ ရက်နေ့ဆို စစ်ကား ၈ စီးလောက်နဲ့ ပစ္စည်းတွေအများကြီးတင်သွားတယ်။ အဲ့ထဲမှာ သူတို့ရဲ့ လက်နက်ခဲယမ်း စားနပ်ရိက္ခာတွေပါတယ်။ ပြီးရင် မနေ့ကတော့ စစ်သားတွေပဲပါတဲ့ စစ်ကား ၁၀ စီး အဲ့ဒီလုံဂျာဘွမ်ဘက်ကိုပဲသွားလိုက်တာဟုပြောဆိုသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့ လုံဂျာဘွမ်တောင်ဘက်တွင် တက်သွားသည့် စစ်ကား ၁၀ စီးထဲတွင် စစ်အင်အား ၄၀၀ ဝန်းကျင်ခန့်ပါရှိနိုင်ပြီး အဆိုပါ စစ်အင်အားများသည် ဗန်းမော်ဘက်မှ ဖြည့်တင်းလာကြောင်း ဒေသခံမျးကဆိုသည်။

ယခုလို စစ်ကောင်စီဘက်မှ လက်နက်ရိက္ခာများအပါဝင် စစ်အင်အား အများအပြားဖြင့် စစ်အင်အားတိုးချဲ့နေသည့်အတွက်ကြောင့် လာမယ့် နိုဝင်ဘာလ ရက် ၂၀ ကျော်အတွင်း တိုက်ပွဲထပ်မံဖြစ်ပွားလာနိုင်သည်ဟု မိုးမောက်ဒေသခံတစ်ဦးက သုံးသပ်ပြောဆိုသည်။

ဒီလ ၂၀ ကျော်လောက်မှာက တိုက်ပွဲပြန်ဖြစ်လာနိုင်တယ် အဲ့ကြောင့် စစ်သားတွေ ပြင်ဆင်နေတာဟုတ်တယ်။ အခုရက်ပိုင်းအတွင်း ငြိမ်နေတာ ဆိုတာက ခါနန်နဲ့ လုံဂျာရွာ တွေမှာ ဒေသခံတွေက လယ်ယာ စပါး ရိတ်သိမ်းချိန်ဖြစ်နေလို့ ၁၀ ရက်လောက်အနားပေးတဲ့ သဘောမှာရှိတယ် တိုက်ပွဲမဖြစ်ပေးဖို့ နှစ်ဖက်ကို စာတင်ထားတာတွေလည်းရှိတယ်။ ဒီ ရက် ၂၀ ကျော်ရင်က တိုက်ပွဲတွေ ဆက်တိုက်ပြန်ဖြစ်လာနိုင်တယ်ဟုပြောဆိုသည်။

ယနေ့နံနက်ိပိုင်းတွင်လည်း လုံဂျာဘွမ်တောင်ဘက်တွင် ဂျက်လေယာဉ် လာရောက်ပျံဝဲမှုများရှိခဲ့ပြီး လက်နက်ကြီးပစ်ခတ်သံများကြားရကြောင်း ဒေသခံများထံမှသိရသည်။

ပြီးခဲ့သော အောက်တိုဘာလ ၂၂ ရက်နေ့စကာ လုံဂျာဘွမ်တောင်ကုန်းအနီးတဝိုက်တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA PDF တို့ကြား ရက်ပေါင်း ၂၀ ခန့်အကြာတိုက်ပွဲဖြစ်ပွားခဲ့သဖြင့် လုံဂျာ၊ နောင်ပေါင်၊ ဝဝမ် စသည့် ကျေးရွာ ပြည်သူများက စပါးရိတ်သိမ်းယူရန် အခက်အခဲကြုံတွေ့ခဲ့ရသည်။

ထို့ကြောင့် အဆိုပါ ကျေးရွာ ၃ ခုမှ ဒေသခံတောင်သူများက နိုဝင်ဘာလ ၂၀ ရက်ကျော်အထိ တိုက်ပွဲများရပ်တန့်ပေးရန် ၂ဖက်တပ်ကို စာတင်ပြတောင်းဆိုမှုများရှိခဲ့သည်။

စစ်ကောင်စီတပ်ဘက်မှ စစ်ရေးလှုပ်ရှားမှုများရှိနေသဖြင့်  လုံဂျာဘွမ်အနီးတဝိုက် ဒေသခံပြည်သူများသည် တိုက်ပွဲထပ်မံဖြစ်ပွားလာမည်ကို စိုးရိနေသည့်အတွက် မိုးမောက်မြို့ပေါ်ဘက်သို့ ဆက်လက် ကြိုတင်တိမ်းရှောင်မှုများလည်းရှိနေကြောင်း မိုးမောက်မြို့ တော်လှန်ရေးတွင် ပါဝင်သည့် လူငယ်တစ်ဦးထံမှသိရသည်။

မိုးမောက်ဒေသ လုံဂျာဘွမ်တောင်တွင် KIA နှင့် PDF ရှိသည့်နေရာဘက်သို့ စစ်ကောင်စီတပ်မှ လေကြောင်းလိုင်းအပါအဝင် စစ်ကြောင်းထိုး တိုက်ခိုက်နေသည့်အတွက် တိုက်ပွဲဖြစ်ပွားနေခြင်းသာဖြစ်သည်။

Show More

Related Articles

Back to top button