သတင်း

ဖားကန့်ဒေသကို ရာနှုန်းပြည့် ထိန်းချုပ်နိုင်ရန် စစ်ကောင်စီ အစွမ်းကုန် ကြိုးပမ်းနေ

ကချင်ပြည်နယ် ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသကို အာဏာသိမ်းစစ်ကောင်စီက ရာနှုန်းပြည့် ထိန်းချုပ်နိုင်ရန်အတွက် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF အဖွဲ့တို့ကို အင်အား ကျဆင်းသွားအောင် ပိတ်ဆို့တားမြစ်မှုများကို အစွမ်းကုန် လုပ်ဆောင်နေသည်ဟု ဖားကန့်ဒေသခံများ ပြောဆိုနေကြသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်နောက်ပိုင်း ဖားကန့်ဘက်သို့ တင်ပို့မည့် ဆန်နှင့် စက်သုံးဆီများကို ဖားကန့်လမ်း နမ့်ယာ(Nam Ya Mare) စစ်တပ်ဂိတ်တွင် စတင်တားမြစ်ခဲ့ပြီးနောက် KIA နှင့် ဆက်နွယ်မှုရှိသည့် ကျောက်စိမ်ကုမ္ပဏီတစ်ချို့ကိုလည်း လုပ်ငန်းလည်ပတ်ခွင့်မရအောင် ပိတ်ဆို့မှုများ လုပ်ဆောင်လာသည်ဟု သိရသည်။

ဖားကန့်မြို့နယ်တွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ရှယ်ယာလုပ်ငန်းများနှင့် ကျောက်စိမ်းလုပ်ကွက်အခွန်၊ အိမ်ဆောက်လုပ်ခွန်၊ စျေးဆိုင်များ၊ မော်တော်ယာဉ် စသည်တို့မှ အခွန်အသီးသီးရရှိနေခြင်းဖြစ်ပြီး အဆိုပါ ရရှိနေသည့် အခွန်ဝင်ငွေများကို ပိတ်ဆို့ရန် စစ်ကောင်စီက လုပ်ဆောင်နေသည်ဟု အမည်မဖော်လိုသူ ဖားကန့်ဒေသခံ ကချင်အမျိုးသားတစ်ဦး ယခုလို ပြောဆိုသည်။

အခုစစ်တပ်ရဲ့လုပ်ရပ်က ဖားကန့်မှာ KIA နဲ့ PDF ကိုအဓိက အင်အားနည်းသွားအောင် ပိုပြီးကျပ်တည်းလာအောင် လုပ်ဆောင်နေပြီဖြစ်တယ်။ ဒါကြောင့် ဆန်နဲ့ စစ်သုံးဆီတို့ကို ပိတ်ဆို့လာတာတယ်။ ပြီးရင် KIA နဲ့ ဆက်နွယ်မှုရှိတဲ့ ကုမ္ပဏီတွေကို လည်ပတ်ခွင့်မရအောင် လုပ်ဆောင်လာတာတွေ့ရတယ်။ နောက် KIA အခွန်ရရှိနေတဲ့ အခွင့်လမ်းတွေကိုလည်း ဒီထက်ပိတ်ဆို့တာတွေလုပ်လာနိုင်တယ်။ ဖားကန့်ကို သူတို့ပဲ ထိန်းချုပ်ဖို့လုပ်နေတယ်လို့ပဲ ပြောချင်တယ်ဟု ပြောဆိုသည်။

ဖားကန့်သည် မြန်မာတနိုင်ငံလုံးအတွက် အဓိက ဝင်ငွေရရှိနေသည့် အရင်းအမြစ်တစ်ခုဖြစ်ပြီး KIA ရရှိနေသော အခွန်ဝင်ငွေများသည် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် အခြားမဟာမိတ် တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများထံသို့အထောက်အကူပြုနေသောကြောင့် ထိုသို့ရရှိနေမှုကို လျှော့ကျသွားအောင် စစ်ကောင်စီတပ်က ပိတ်ဆို့မှုများ လုပ်ဆောင်လာခြင်းဖြစ်သည်။

စစ်ကောင်စီအဖွဲ့၏ ပိတ်ဆို့ခံရမှုကြောင့် KIA အတွက်ကျပ်တည်းမှုတစ်စုံတစ်ရာဖြစ်ပေါ်လာနိုင်သော်လည်း ရေရှည်တွင် ထိခိုက်မှုခံစားရမည်မှာ ပြည်သူတွေသာဖြစ်တယ်လို့လည်း အထက်ပါ ဖားကန့် ဒေသခံတစ်ဦးက ပြောသည်။

“KIA/KIO ဘက်ကလည်း ကျပ်တည်းမှုတွေဖြစ်လာရင် ဘယ်လိုမူဝါဒတွေနဲ့သွားမယ်ဆိုတာကတော့ရှိလိမ့်မယ်။ ဒါပေမယ့် စစ်ကောင်စီကနေ ယခုလို သူတို့လိုချင်တဲ့ အနေအထားမရမချင်း ပိတ်ဆို့နေရင်တော့ ကြာလာရင် ငွေကြေးပိုင်းတွေမှာကော ခက်ခဲလာလိမ့်မယ်။ ဘာလို့လဲဆိုတော့ အဖက်ဖက်ကို ချုပ်ကိုင်ထားတဲ့စနစ်ဖြစ်တယ်။ ကချင်ပြည်နယ်မှာ ပုံမှန် ထွက်ငွေ ဝင်ငွေ ဘယ်လောက်ရှိတယ် သူတို့အကုန်သိတယ်။ နောက်ဆုံးသူတို့ ဒီထက်ပိုပြီးလုပ်ဆောင်လာရင် ပြည်သူတွေပဲ ခံရမှာဖြစ်တယ်။ လက်ရှိအနေအခြေကထိရောက်တယ်လို့မြင်ပါတယ်ဟုပြောဆိုသည်။

စစ်ကောင်စီတပ်သည် ၎င်းတို့၏ အာဏာတည်တံ့ခိုင်မြဲရေးအတွက် ပိတ်ဆို့တားမြစ်မှုများ လုပ်ဆောင်လာနေသည် သာမက ပြည်သူလူထုအပေါ် အသက်အန္တရာယ်စိုးရိမ်ရသည့်အထိ ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်မျိုးများလည်း ပိုမိုလုပ်ဆောင်လာနိုင်သည်ဟု သူက သုံးသပ်ထားသည်။

ဖားကန့်တွင် ပြီးခဲ့သော အောက်တိုဘာလ ၁၀ ရက်ကျော်နောက်ပိုင်းမှ ကုန်တင်ကားများ ပိတ်ဆို့ထားသည့်အပြင် ကျောက်စိမ်းလုပ်ကွက်များကိုလည်း နေ့ခင်းပိုင်းတွင် တူးဖော်ခွင့် ပိတ်ထားပြီး ညပိုင်းအချိန်တွင်သာ လုပ်ငန်းရှင်များနှင့်ညှိနှိုင်းကာ တူးဖော်ခွင့်ပြုထားသည်ဟု ဖားကန့်ဒေသခံများပြောသည်။

လက်ရှိဖားကန့်ဒေသအတွင်း မြို့တွင်း မြို့ပြင် နေရာများတွင် စစ်သားများနှင့် ရဲတပ်သားများပူးပေါင်းပြီး ကင်းပုန်းချထားကာ သွားလာသည့်ပြည်သူများကို စစ်ဆေးရေးမှုများ တင်းကြပ်ထားသည်။

ဖားကန့်မြို့ဝင် ပန်းတင်တံတားနှင့် မြို့မရဲစခန်းရှေ့ နေရာများတွင် နံနက်ပိုင်း ၇နာရီမှ ၁၀ နာရီဝန်းကျင်အထိ တစ်ကြိမ်၊ မွန်းလွှဲ ၂ နာရီမှ ၃ နာရီဝန်းကျင်အထိ တစ်ကြိမ် သွားလာသည့် ပြည်သူများ၏ ကား၊ ဆိုင်ကယ်နှင့် လက်ကိုင်ဖုန်းတို့ကို စစ်ဆေးလျက်ရှိနေသည်။

ထို့နောက် အောက်တိုဘာလ ၂၃ ရက်နေ့ နောက်ပိုင်း ဖားကန့်မြို့နယ်အတွင်းရှိ လုံးခင်း၊ ဆိုင်းတောင်၊ ဆန်းကြွယ်နှင့် ကံဆီး စသည့်နေရာများတွင် ပြည်သူလူထု၏ အကာအကွယ်ယူကာ ကင်းပုန်းဝပ်နေခြင်းနှင့် စစ်ရေးလှုပ်ရှားခြင်းတို့ကို နိုဝင်ဘာလ ၁၆ ရက် ယနေ့အထိ ပြုလုပ်နေဆဲဖြစ်သည်ဟု ဒေသခံများပြောသည်။

သူတို့က စစ်ကားတွေနဲ့ စစ်ရေးလှုပ်ရှားတာတွေ ကင်းပုန်းဝပ်နေတာက ပုံမှန်ပါပဲ။ ပြီးရင်အခုနောက်ပိုင်းက ညဘက်ဆို လက်နက်ကြီးတွေလည်း ရမ်းသမ်းပစ်တာတွေရှိတယ်။ မနေ့ညကလည်း ဖားကန့်ဗျူဟာကုန်းကနေ လက်နက်ကြီးတွေလှမ်းပစ်တာတွေရှိတယ်။ တဖက်တပ်ကနေ တိုက်ခိုက်လာမှာကို စိုးရိမ်လို့ပစ်တာလားတော့ မသိဘူးဟု ဆိုင်းတောင်ကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ဖားကန့်လမ်း နမ့်ယားစစ်တပ်ဂိတ်တွင် ဆန်နှင့် စက်သုံးဆီ ကုန်တင်ကားကြီးများ အစီး ၇၀ ကျော်အထိ ပိတ်ဆို့ခံထားရဆဲဖြစ်ပြီး သို့သော်တစ်ဖက်တွင် စစ်တပ်နှင့်ဆက်စပ်သည့် ကုန်တင်ကားတစ်ချို့မှာ ငွေကြေးပေးဆောင်ကာ တင်သွင်းခွင့်ရရှိနေကြောင်းလည်း နီးစပ်ရာဒေသခံများပြောချက်မှသိရသည်။

နန့်ယားစစ်တပ်ဂိတ်တွင် ပိတ်မိနေသည့် ဆန်အိတ်သယ် ကုန်တင်ကားကြီးတစ်စီးတွင် ဆန်အိတ် ၃၀၀ ကျော်အထိ ရှိနိုင်ပြီး လက်ရှိ ဆန်ကားများစုစုပေါင်းမှ ဆန်အိတ် ၂၀၀၀၀ ဝန်းကျင်အထိရှိနိုင်သည်ဟုသိရသည်။

ထို့ကြောင့် ဖားကန့်မြို့နယ်အတွင်း ဆန်းစျေးနှုန်းများ သိန်းကျော်အထိ စျေးနှုန်းမြင့်တက်လာပြီး စက်သုံးဆီများလည်း အဝင်နည်းသွားသည့်အတွက် ဆီပြတ်လပ်မှုများကြုံတွေ့နေရသလို စက်ယန္တရားလည်ပတ်မှုလည်း လျော့ကျလာကြောင်း ဖားကန့်ဒေသခံများပြောသည်။

ယခုလို KIA ကို ပိတ်ဆို့သည့်အနေအထားတွင် KIA ဘက်က ထိရောက်မှုနည်းပြီး တဖက်တွင် ပြည်သူလူထုသာ အဓိက အစိုးရ ၂ခုကြား ကျပ်တည်းသည့် ပြဿနာ ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ယခုလို ထပ်မံပြောဆိုသည်။

ဖားကန့်ဒေသဆိုတာ ကျောက်လုပ်ငန်းတစ်ခုတည်းကိုသာ လုပ်ကိုင်ကြတဲ့နေရာဖြစ်တယ်။ တခြားနယ်က စစ်ရှောင်တွေမက အကုန်လုံးက ဒီထဲမှာပဲ မှီခိုနေကြတာလေ အဲ့ကြောင်လို့ ပြည်သူတွေနဲ့ကြားမှာ သေချာစဉ်းစားပေးရမှာ ဖြစ်တယ်။ အခုက သူတို့ အစိုးရ ၂ဖက်ကပဲ တင်းမာမှုတွေလုပ်နေကြတာ နောက်ဆုံးတော့ ကျနော်တို့ ပြည်သူတွေပဲ အဖက်အဖက်မှာ ခံရတာ။ ဘာပဲလုပ်လုပ်ကိုယ့် အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေ အထိဖြစ်လာရတယ်ဟု ပြောဆိုသည်။

ပြီးခဲ့သော အောက်တိုဘာလ ၂၃ ရက်နေ့ည ဖားကန့်ဒေသ KIA တပ်မဟာ ၉ နယ်မြေ အနန့်ပါ နေရာတွင် ၆၂ နှစ်ပြည့် KIO အထိမ်းအမှတ်နေ့ပြုလုပ်ရန် ကချင်ပြည်သူများ စုဝေးနေသည့်နေရာတွင် စစ်ကောင်စီတပ်မှ ဂျက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သားပြည်သူ ၆၀ ကျော် သေဆုံးခဲ့သည်။

ထိုဖြစ်စဉ် ဖြစ်ပွားခဲ့သည်နောက်ပိုင်းတွင် ဖားကန့် မြို့တွင်း မြို့ပြင် အဝင်အထွက် စစ်ကောင်စီ ရဲနှင့်စစ်သားများ ကင်းပုန်းများချကာ လုံးခြုံရေးတင်းကြပ်များ စတင်လုပ်ဆောင်နေသည်။

ဖားကန့်ဒေသသည် ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ဖုန်းအင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရပြီး လက်ရှိတွင် စစ်တပ်ပိုင် ဆက်သွယ်ရေးဖုန်းလိုင်းဖြစ်သည့် Mytel တစ်ခုတည်းကိုသာ 3G စနစ်ဖြင့် အသုံးပြုနေရသည်။

Show More

Related Articles

Back to top button