သတင်း

မံထုံးကျေးရွာ ကို စစ်ကောင်စီက ဂျက်လေယာဉ်ဖြင့် ဗုံးကျဲခဲ့သည့်အတွက် ‌ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်နေရ

ဗန်းမောက်မြို့နယ် ရှိ မံထုံကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့ည ၁၀ နာရီဝန်းကျင်တွင် လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်သွားသည့်အတွက် ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများ ပြောသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့ ည ၁၀ နာရီဝန်းကျင် မန္တလေးတံတားဦး လေဆိပ်မှတက်လာသည့် ဂျက်ဖိုက်တာ  စီးသည် မံထုံကျေးရွာကို ၁၀ မိနစ်ခန့်ကြာဝဲပျံပြီး ကျေးရွာအလယ်ခေါင်ကျသည့်နေရာတွင် ဗုံးနှစ်လုံးတိတိ ကျဲချသွားကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက KNG ကို ပြောသည်။

ကျဲတာကနှစ်လုံးကျဲသွားတာ တစ်လုံးက မံထုံကျေးရွာက အလယ်တန်းကျောင်းရှေ့တည့်တည့်ကို ကျတာ စာသင်ကျောင်းရှေ့က မျက်နှာစာကတော့တော်တော်လေးစုတ်ပြတ်သတ်သွား တယ်။ တစ်လုံးကတော့ ရဲစခန်းထဲမှာကျတာ အဲ့ရဲစခန်းထဲမှာက လူမနေဘူး ရွေ့လိုက်တာကြာပြီ အဲ့နှစ်လုံးပဲကျဲသွားတာ” ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ ကျဲချသွားသည့်နှစ်လုံးအနက် စာသင် ကျောင်းရှေ့၌ ကျရောက်ပေါက်ကွဲခဲ့သည့်တစ်လုံးမှာ ပေါက်ကွဲပြင်းသောကြောင့် စာသင်ကျောင်းအနီး နေအိမ်တစ်လုံးပြတင်းပေါက်မှန်များကွဲအက်ပြီး ဆယ်ကျောက်သက် မိန်းကလေးငယ်တစ်ဦး မှန်စ ထိမှန်ခဲ့ကြောင်း သိရသည်။

လူတွေကတော့ဆိုးဆိုးဝါးဝါးထိတာမရှိဘူး။ ညဘက်ကြီးဆိုတော့မိန်းခလေးငယ်တစ်ယောက်ပဲမှန်စထိတာမစိုးရိမ်ရဘူး နေ့ခင်းဆိုရင်တော့ လူတွေသေဆုံးနိုင်တယ်။ အဲ့ကြောင့်ရွာသားတစ်ချို့ကတော့နီးစပ်ရာကျေးရွာတွေမှာတချို့ ဒီနေ့မနက်ကတည်းက တိမ်းရှောင်နေကြတယ်။ အများပိုင်းတော့ရွာထဲမှာရှိနေသေးတယ်” ဟု အထက်တွင်ဖော်ပြခဲ့သည့်ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောသည်။

စစ်ကောင်စီသည် မံထုံရွာကို လေယာဥ်ဖြင့်ဗုံးကျဲခြင်းမှာ ယခုပထမအကြိမ်ဖြစ်ပြီး မည်သည့်ကိစ္စကြောင့် ဗုံးကျဲတိုက်ခိုက်သည်ကို ဒေသခံများက မသိရှိရသေးပေ။

မံထုံကျေးရွာသည် အိမ်ခြေ ၁၀၀ ကျော်ခန့်ရှိပြီး ဗန်းမောက်မြို့နယ် နှင့် အင်းတော်မြို့နယ်အစပ်တွင် တည်ရှိသည်။

စစ်ကောင်စီသည် အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲတစ်နာရီအချိန်ကလည်း ဗန်းမောက်မြို့နယ် ကြောင်လည်ကျေးရွာရှိ ဆေးရုံနှင့် ဆေးရုံဝန်ထမ်းအိမ်ရာတို့ကို လေယာဥ်ဖြင့်ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦးထိမှန်သေဆုံးခဲ့ပြီး ကလေးငယ် ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

Show More

Related Articles

Back to top button