သတင်း

စစ်တပ်၏ လွှတ်ငြိမ်းခွင့်တွင် ကချင်ပြည်နယ်မှ ၈‌၆ ဦး လွှတ်မြောက်လာပြီး နိုင်/ကျဉ်း ၁၈ ဦးပါဝင်လာ

အမျိုးသား‌နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် စစ်ကောင်စီတပ်က ပြစ်ဒဏ်ချခံနေသည့် အကျဉ်းသားတွေကို လွတ်ငြိမ်းခွင့်ပေးရာမှာ ကချင်ပြည်နယ်မှ လွှတ်မြောက်လာသူ ၈၆ ဦးပါဝင်ပြီး ထိုအထဲတွင် နိုင်/ကျဉ်း ၁၈ ဦး ပါဝင်လာကြောင်း သိရသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့ ကျရောက်သည့် ၁၀၂ ကြိမ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတစ်ဝန်း အကျဉ်းကျနေသူ ၆၀၀၀ ဝန်းကျင်ကို လွှတ်ပေးမည်ဟု စစ်တပ်ကကြေညာပြီးနောက် ကချင်ပြည်နယ်တွင်လည်း ဖားကန့် မဇွပ်ယန်အချုပ်ထောင်မှ ၁၅ ဦးနှင့် မြစ်ကြီးနားအကျဉ်းထောင်မှ ၇၁ ဦး လွှတ်ငြိမ်းခွင့်တွင် ပါဝင်လာကြောင်း သိရသည်။

ဖားကန့်ကတော့ ၁၅ ယောက်လွှတ်တယ် အဲ့ထဲမှာ ၅၀၅ နဲ့ ပုဒ်မတစ်ခုထဲနဲ့ ကျနေတဲ့သူတွေတော့ အားလုံးလွှတ်ပြီလို့ပြောလို့ရပါတယ်။ ခု ကျန်နေသေးတဲ့ဟာတွေတော့ ပုဒ်မတွဲတွေ ၃ ယောက်ကျန်နေသေးတယ်ဟုလွှတ်မြောက်လာသူနဲ့ နီးစပ်သူတွေက ပြောသည်။

ဖားကန့်အချုပ်ထောင်မှ လွှတ်မြောက်လာသူ ၁၅ ဦးတွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅ က နှင့် ကျခံနေသည့် နိုင်/ ကျဉ်းသား ၁၁ ဦးပါဝင်ကြောင်း သိရသည်။

ထို့အပြင် မြစ်ကြီးနားအကျဉ်းထောင်မှ ၇၁ ဦး လွှတ်‌မြောက်လာရာ ၎င်းထဲမှ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ကနဲ့ အကျဉ်းကျနေသူ ၇ ဦး ပါဝင်ကြောင်း သိရသည်။

မြစ်ကြီးနားကတော့ နိုင်/ကျဥ်းသား ၇ ယောက်ပါလာတယ်။ ကျန်တာတော့ တစ်ခြားပုဒ်မတွေနဲ့ လွှတ်လာသူများတယ်ဟု မြစ်ကြီးနားဒေသခံတစ်ဦးက ပြောသည်။

ကချင်ပြည်နယ်တွင် ဖားကန့်အချုပ်ထောင်၊ ဗန်းမော်အကျဥ်း‌ထောင်၊ မိုးညှင်းအကျဉ်းထောင် ၄ ခုရှိရာ ယခုတစ်ကြိမ် လွှတ်ငြိမ်းခွင့်တွင် မိုးညှင်းအကျဉ်းထောင်နှင့် ဗန်းမော်အကျဉ်းထောင်မှ ပါဝင်လာခြင်း ရှိမရှိ မသိရှိရသေးပေ။

စစ်ကောင်စီတပ်၏ သတင်းထုတ်ပြန်ချက်တွင် နိုဝင်ဘာလ ၁၇ ရက်နေ့ တစ်နိုင်လုံးအတိုင်းအတာဖြင့် အကျဉ်းသား (၅၀၉၈) ဦးနှင့် အကျဉ်းသူ (၆၇၆) ဦး စုစုပေါင်း (၅၇၇၄) ဦးအား လွှတ်ငြိမ်းခွင့်ပြုကြောင်း ဖော်ပြထားသည်။

၂၀၂၁ ခုနှစ် ဖေဖာ်ဝါရီလ စစ်တပ်ကအာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်မှ ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့ထိ စစ်တပ်က ဖမ်းဆီးထားသည့် နိုင်/ကျ‌ဉ်းသားများအပြင် အခြားပြစ်မှုကျခံနေသူများကို ၃ကြိမ် လွှတ်ငြိမ်းခွင့်ပြုပြီဖြစ်သည်။

AAPP ၏ နိုဝင်ဘာလ ၁၇ ရက်ညနေ ထုတ်ပြန်ချက်အရ ယခုတစ်ကြိမ် လွှတ်ငြိမ်းခွင့်တွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ လွှတ်ငြိမ်းခွင့်ဖြင့် လွှတ်မြောက်လာသူများထဲတွင် လတ်တလောစာရင်းအရ  နိုင်/ ကျဉ်းသား (၅၃) ဦး ပါဝင်ကြောင်းဖော်ပြထားသည်။

အဆိုပါ ထုတ်ပြန်ချက်ထဲတွင် အချက်အလက်များသည် လက်လှမ်းမမီသည့်နေရာများရှိနေသေးကြောင်းလည်း ထည့်သွင်းထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button