သတင်း

ဖားကန့် တွင် စစ်ကောင်စီ တပ်ဆင်ပေးနေသည့် Mytel Wifi တပ်ဆင်သူ နည်းပါး

ဖားကန့် မြို့နယ်တွင် စစ်ကောင်စီ တပ်ဆင်နေသည့် Mytel wifi ကို တပ်ဆင်သူ နည်းပါးကြောင်း ဖားကန့်ဒေသခံများထံမှ သိရသည်။

ဖားကန့်တွင် ဖုန်းအင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရမှု တစ်နှစ်ကျော်အကြာတွင် စစ်ကောင်စီသည် စစ်တပ်ပိုင် Mytel Wifi တပ်ဆင်ပေးပြီး ဝင်ငွေရှာဖွေရန်နှင့် စောင့်ကြည့်ရန် ကြိုးစားနေသော်လည်း ဖားကန့်မြို့တွင် တပ်ဆင်သူ နည်းပါးကြောင်း ဖားကန့် ဒေသခံ အမျိူးသားတစ်ဦးက KNG ကို ပြောသည်။

“မလုံခြုံဘူးလေ စိတ်မချရဘူး။ အဲ့ဒါကြောင့် ကျွန်တော်တို့အနေနဲ့ကတော့မယူဘူး။ အသုံးလည်းမပြုဘူးလိုလို့ရှိရင်တော့ ဆိုင်မှာပဲ ပိုက်ဆံပေးသွားသုံးတာပဲရှိမယ်”ဟု ပြောသည်။

စစ်ကောင်စီသည် ဖားကန့်မြို့ပေါ်၊ လုံးခင်း၊ ဆိုင်းတောင် နှင့် အနီးဝန်းကျင်ကျေးရွာများအထိ Mytel Wifi တပ်ဆင်ရန် လွန်ခဲ့သည့် ၃လခန့် ကတည်းက လုပ်ဆောင်နေပြီး လက်ရှိဖားကန့်မြို့ပေါ်တွင် ဖိုင်ဘာကြိုးဆွဲခြင်း ပြီးစီးနေပြီဖြစ်သော်လည်း နေအိမ်သို့ ဆွဲယူထားသူ နည်းပါးနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

”တော်လှန်ရေး စိတ်ဓာတ်ပြင်းထန်တဲ့လူတွေကတော့ အဲ့တာကိုကင်းအောင်နေကြပါတယ်။ အဓိကတော့ စိတ်မချရလို့ပဲဗျ ခုထိတော့ပြည်သူတွေက ဆွဲယူတာတွေသိပ်မရှိဘူး”ဟု ဖားကန့် မရှီကထောင်ရပ်ကွက်မှ အမျိုးသားတစ်ဦးက ပြောသည်။

လတ်တလော Mytel wifi တပ်ဆင်ထားသူများတွင် လုပ်ငန်းရှင်၊ ကျောက်ပွဲစားနှင့် စျေးရောင်းစျေးဝယ်လုပ်သူအများစု ပါဝင်နေကြောင်း ဖားကန့် အေးမြသာယာ ရပ်ကွက်နေ ကျောက်ပွဲစားတစ်ဦးက ပြောသည်။

”ကျွတော်တို့ကတော့ယူသုံးဖြစ်မယ်။ အခုတောင်ဖုန်းတစ်လုံးကိုတစ်ရက် တစ်သောင်းလောက်ပေးသုံးနေရတာ။ ကျောက်ပွဲစားတွေကျတော့လည်း လိုင်းရှိမှပိုအဆင်ပြေတာ မဖြစ်မနေတော့ ယူသုံးရမှာပဲ။ ပြီးတော့စီးပွားရေး လုပ်ငန်းရှင်တွေလည်း ယူဖို့စီစဥ်ရှိတယ်” ဟု ဆိုသည်။

အဆိုပါ Mytel Wifi စက်များတွင် ဖုန်းငါးလုံးအထိအသုံးပြုနိုင်မည့် 5 mbs သာပါရှိမည်ဖြစ်ပြီး တစ်လလျှင် ကျပ် ၂၈၀၀၀ နှုန်းဖြင့် စစ်ကောင်စီကို ပေးဆောင်ရမည်ဖြစ်သည်။

ဖားကန့်တစ်မြို့နယ်လုံးကို လွန်ခဲ့သည့် ၂၀၂၁ သြဂုတ်လကတည်းက ဖုန်းအင်တာနက်လိုင်းများ ဖြတ်တောက်ခဲ့ခြင်းဖြစ်ပြီး အင်တာနက်အသုံးပြုလိုသည့် ဒေသခံများမှာ IP Star တပ်ဆင်ထားသည့် အင်တာနက်ဆိုင်များတွင် တစ်နာရီကျပ် ၅၀၀၀ နှင့်ကျပ် ၁၀၀၀၀ ကြားပေး၍ သုံးနေရကြောင်းသိရသည်။

စစ်ကောင်စီ၏ ယင်း wifi အင်တာနက်လိုင်းများကို လာမည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ လတွင်စတင်အသုံးပြုနိုင်တော့မည်ဖြစ်ပြီး လက်ရှိမှာ ဖိုင်ဘာကြိုးဆွဲ၊ စက်တပ်ဆင်သည့်အဆင့်သာရှိသေးသည်။

Show More

Related Articles

Back to top button