Fact Checkသတင်း

စစ်ကိုင်းတိုင်းတွင် ဗမာရွာ နှင့် ရှမ်းရွာများကို KIA က လိုက်လံမီးရှို့ သော ဆိုသော သတင်းအမှား

စစ်ကိုင်းတိုင်းရှိ ဗမာ နှင့် ရှမ်းရွာများကို KIA အဖွဲ့မှ လိုက်လံမီးရှို့နေသည်ဆို သတင်းအမှားတစ်ပုဒ်ကို ဖေ့စ်ဘုတ်လူမှုကွန်ယက်စာမျက်နှာတွင် ဖြန့်ဝေထားသည်ကို တွေ့ရသည်။

အဆိုပါ သတင်းအမှားကို ‘InnWa News’ ဆိုသည့် ဖေ့စ်ဘုတ်‌စာမျက်နှာတွင် ဒီဇင်ဘာလ ၆ ရက်နေ့  ည ၁၀ နာရီကျော်ဝန်းကျင်တွင် စတင်ရေးသားဖြန့်ဝေခဲ့သည်။

ဖော်ပြထားသော အကြောင်းအရာမှာ “ KIA သူပုန်အဖွဲ့ဟာ စစ်ကိုင်းတိုင်းမှာ ရှိတဲ့ ဗမာရွာတွေ၊ ရှမ်းရွာတွေကို လိုက်လံမီးရှို့နေတာ အားလုံးအသိပဲ ဖြစ်ပါတယ်၊ သူတို့မီးရှို့ရတဲ့ ရည်ရွယ်ချက်က စစ်ကြောင်းတွေ လိုက်မလာနိုင်ဖို့ရယ်၊ ဗမာ/ရှမ်းတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ဖို့ရယ်၊  KIA စခန်းတွေကို ထိုးစစ်မဆင်နိုင်ဖို့ရယ်ပါ” ဆိုပြီး ရေးသားဖော်ပြထားသည်။

KIA ဗိုလ်ချုပ်ဂွမ်မော်၏ ရုပ်ပုံကိုအသုံးပြုပြီး ရေးသားဖော်ပြထားသောအကြောင်းအရာမှာ “KIA အဖွဲ့ဝင်တွေ..မင်းတို့မြဲမြဲမှတ်ထားရမှာက စစ်တပ်နဲ့ တိုက်ပွဲဖြစ်ရင် ခံမချပါနဲ့.. ထွက်ပြေးကြ၊ ပြီးရင် ရွာတွေကို မီးရှို့ခဲ့ကြ၊ စစ်တပ်က မီးငြိမ်းနေရတာနဲ့ မင်းတို့နောက်ကို မလိုက်နိုင်တော့ဘူး..ပြီးတော့ မီးလောင်းသွားတဲ့ အိမ်တွေဟာလည်း မင်းတို့ အမျိုးတစ်ယောက်မှ မပါဘူး..အားလုံးဗမာအိမ်တွေ၊ ရှမ်းအိမ်တွေချည်းပဲ ရှင်းလား” ဆိုပြီး ဗိုလ်ချုပ်ဂွမ်မော်မှ ညွန်ကြားထားသလို အထင်မှား အမြင်မှားဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံ ရေးသားထားသည်ကို တွေ့မြင်နိုင်ပါသည်။

အထက်ပါ ဖော်ပြချက်များသည် သတင်းအမှားများသာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ချောင်းကြားရွာမှ နေအိမ် ၈ လုံး၊ ထီးချိုင့်မြို့နယ်အတွင်းရှိ ကျေးရွာများမှ နေအိမ် ၄၃၇ လုံး၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ ရွာ(၆)ရွာမှ အိမ်ခြေ ၁၄၀ ကျော်၊ ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာ  ၄ ခုမှ အိမ်ခြေ ၂၄၈ လုံး၊ ကျွန်းလှမြို့နယ် အင်တိုင်းရွာမှ နေအိမ် ၁၄၃ လုံး နှင့် မြောင်မြို့နယ်၊ ရွှေဘုံသာရွာမှ နေအိမ် ၉ လုံး အစရှိသည့် နေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့မှ မီးရှို့ဖျက် ဆီးခဲ့ကြောင်းကို “Khit Thit Media” တွင် ရေးသားဖော်ပြထားသည်ကို တွေ့မြင်နိုင်ပါသည်။

ထို့ကြောင့် KIA အဖွဲ့မှ စစ်ကိုင်းတိုင်းရှိ ဗမာရွာ နှင့် ရှမ်းရွာများကို လိုက်လံမီးရှို့နေသည်ဆိုသော ဆိုသည့်အကြောင်းအရာမှာ သတင်းမှားဖြစ်သည်။

ယခုအချိန်တွင် စစ်ကောင်စီ၏ လော်ဘီအုပ်စုများသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ နှင့် ပြည်သူလူထုများအကြားသာမက လူမျိုးရေး၊ ဘာသာရေးပဋိပက္ခဖြစ်လာစေရန် ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့်သတင်းအမုန်းစကားများ ရေးသားဖြန့်ဝေနေကြသည်ကို တွေ့နေရသည်။

သို့ဖြစ်ပါ၍ စာဖတ်ပရိတ်သတ်များအနေဖြင့် လူမှုကွန်ယက်စာမျက်နှာပေါ်က သတင်းအကြောင်းအရာများကို ဖတ်ရှုရာတွင် စာဖတ်သူများအနေဖြင့် ယုံကြည်ရသော သတင်းဌာနများ၏ ဖော်ပြချက်များဖြင့်တိုက်စစ်ပြီးမှသာ ယုံကြည်သင့်ပါသည်။

Show More

Related Articles

Back to top button