သတင်း

စစ်ကိုင်းတိုင်း ဝက်သအင်းကျေးရွာတွင် လူနေအိမ် ၄၄လုံးနှင့် စပါးကျီ ၃ခုမီးရှို့ခံရ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်ရှိ ဝက်သအင်းကျေးရွာတွင် ဒေသခံပြည်သူများ၏ လူနေအိမ်များ ၄၄ လုံးနှင့် စပါးကျီ ၃ ခုကို စစ်ကောင်စီအဖွဲ့ ယနေ့နံနက်ပိုင်း ၈ နာရီဝန်းကျင် မီးရှို့ဖျက်ဆီးခဲ့သည်ဟု ကျွန်းလှမြို့နယ် တက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှသိရသည်။

စစ်အင်အား ၈၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီအဖွဲ့သည် ဒီဇင်ဘာလ ၈ ရက်နေ့ ပုဏ္ဏာကြီးကျေးရွာမှ ဝက်သအင်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာကာ ညအိပ်တပ်စွဲခဲ့ပြီးနောက် ယခုလို လူနေအိမ်များ မီးရှို့ဖျက်စီးခဲ့သည်ဟု ကျွန်းလှမြို့နယ်တက်ကြွလှုပ်ရှားသူအဖွဲ့မှ တာဝန်ရှိသူတစ်ဦး KNG ကိုပြောသည်။

မနေ့က စစ်ကောင်စီစစ်ကြောင်းက ပုဏ္ဏားကြီးကနေ ဝက်သအင်းကျေးရွာဘက်ကို သွားပြီး ညအိပ်ခဲ့တယ် မနက်ကျတော့ နေအိမ်တွေ မီးစရှို့တော့တာပဲ။ သူတို့ ရှို့လိုက်တဲ့ နေအိမ်တွေက အလုံး လေးဆယ်ကျော်ရှိတယ်ဟုပြောဆိုသည်။

ထို့အပြင် စစ်ကောင်စီအဖွဲ့သည် ပုဏ္ဏားကြီးကျေးရွာမှ ထွက်ခွာလာစဉ် ဒေသခံအမျိုးသားတစ်ဦးကို လူသားဒိုင်းလမ်းပြအဖြစ် ခေါ်ဆောင်သွားပြီး ယနေ့အထိ အဆက်အသွယ် တစ်စုံတစ်ရာမှ မရရှိသေးကြောင်း သူကဆက်ဆိုသည်။

ဝက်သအင်းကျေးရွာတွင် အိမ်ခြေ ၇၂ ခုခန့်ရှိပြီး အဆိုပါ ကျေးရွာနေရာများအတွင်း စစ်ကြောင်းမကြာခဏ ဝင်ရောက်လေ့ရှိသည့် ကျေးရွာများလည်းဖြစ်ကြောင်းသိရသည်။

အဆိုပါကျေးရွာနေရာများအတွင်း နေအိမ်များ လိုက်လံမီးရှို့နေသည့် စစ်ကောင်စီအဖွဲ့မှာ ခမရ ၃၆၉ တပ်အဖွဲ့ဖြစ်ကြပြီး ဝက်သအင်းကျေးရွာမီးရှို့ဖျက်ဆီးခဲ့ပြီးနောက် အရှေ့ဘက်ခြမ်းရှိ ကောလင်းမြို့နယ် အစပ်ဘက် ဦးတည်ထွက်ခွာသွားကြောင်း ဒေသခံများပြောဆိုသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ပြီးခဲ့သော အောက်တိုဘာလ ၃၁ ရက်နေ့အထိ စစ်ကောင်စီအဖွဲ့က နေအိမ်နှင့် အဆောက်အအုံများ စုစုပေါင်း ၃၈၀၀ ကျော်မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင် နေအိမ်များ မီးရှို့ခံရမှု ၇၀ ရာခိုင်နှုန်း အထိရှိသည်ဟု  မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ့ (ISP Myanmar) ကထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button