သတင်း

ဖမ်းဆီးထားသည့် လိုင်စင်မဲ့ကားများကို ပြန်ပေးရန် အစီအစဥ်မရှိဟု ဖားကန့်မြို့နယ်ထွေအုပ်ပြော

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ဖမ်းဆီးထားသော လိုင်စင်မဲ့ကားများကို ပြန်ပေးရန်အစီအစဥ်မရှိကြောင်း စစ်ကောင်စီ လက်အောက်ခံ ဖားကန့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးက ပြောဆိုလိုက်ကြောင်း သိရသည်။

ဒီဇင်ဘာ ၉ ရက်နေ့ ဖားကန့်မြို့ မှော်ဝှမ်းရပ်ကွက်ရှိ ထွေအုပ်ရုံးအစည်းအဝေးတွင် ဖားကန့်မြို့နယ် စစ်ကောင်စီ၏ အုပ်ချုပ်ရေးမှူး ဦးငြိမ်းမောင်မောင်က ပြောဆိုခဲ့သည်ဟု ထွေအုပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မနေ့က ငှက်ပျောတော၊မြို့မရပ်ကွက်၊ အေးမြသာယာ ရပ်ကွက်တိုင်းက အုပ်ချုပ်ရေးမှူးတွေကို ခေါ်ပြီးအစည်းအဝေးလုပ်တဲ့ချိန် ပြောတာတဲ့ တပ်မမှူးက ညွှန်ကြားထားတယ်လို့ပြောတာတဲ့ဟုပြောဆိုသည်။

ဖားကန့်တွင် စစ်ကောင်စီက နိုဝင်ဘာလ ၁၀ ရက်နေ့မှ ဒီဇင်ဘာ ၈ ရက်နေ့အထိ ဖားကန့်မြို့ ရဲစခန်းရှေ့၊ ကျောက်စိမ်းတောင် တံတား၊ လုံးခင်းကျေးရွာထိပ်ရှိ ပန်းတင်တံတား စသည့် နေရာများတွင် ရှောင်တခင် ဖမ်းဆီးမှုများပြုလုပ်ခဲ့ပြီးနောက် ကားအစီး ၄၀ နီးပါးအထိ ရွေးယူနိုင်ခြင်းမရှိသေးကြောင်း လုံးခင်းကျေးရွာမှ အမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။

ကျွန်မတို့ကားတော့ ဖမ်းခံရတာမရှိပါဘူး။ အသိတစ်ယောက်ကားတော့ဖမ်းခံထားရတယ်။ ခုထိ ပြန်မရွေးခိုင်းလို့ဆိုပြီး ပြောနေတာ တော်တော်များများတော့ဖမ်းခံရပြီးထင်တယ်။ ဟိုနေ့ကတောင် ၁၀ စီးလောက်ဖမ်းသွားတယ်။ ပြည်သူတွေကားကတော့လုံးဝ မရွေးခိုင်းဘူး ဒီနေ့ထိ ဟု ယင်းအမျိုးသမီးက ပြောသည်။

ဖမ်းဆီးရမိသည့်ကားများအနက် စစ်ကောင်စီနှင့်ပတ်သက်သူများမှ ပြန်လည်ရယူနိုင်သော်လည်း သာမာန်ပြည်သူများ၏ ကားကို စစ်တပ်ဗျူဟာကုန်းတွင် သိမ်းဆည်းထားသည်ဟု သိရသည်။

စစ်ကောင်စီနှင့် ပတ်သက်တဲ့သူတွေကိုတော့ ပြန်ရွေးခိုင်းမှာပဲ။ ဒါတော့သူတို့ လုပ်ထုံးလုပ်နည်းပဲလေး။ တခြားလူတွေရဲ့ကားကိုတော့မရွေးခိုင်းဘူး ဟိုနေ့ကလည်း ကားဆရာတွေက သူတို့ကိုယ်တိုင်ကားကို စစ်တပ် ဗျူဟာကုန်းအထိမောင်းပို့ရတယ် ကားကိုထားခဲ့ပြီး ခြေခြင်ပြန်လာရတယ်တဲ့ ခုထိမရွေးခိုင်းလို့ဟုဖားကန့်မြို့အမျိုးသားတစ်ဦးက ပြောသည်။

ဖားကန့်မြို့တွင် စစ်ကောင်စီက ယခုကဲ့သို့ လိုင်စင်မဲ့ကားများကို ရှောင်တခင် စစ်ဆေး ဖမ်းဆီးနေမှုကြောင့် သွားလာရခက်ခဲနေကြောင်း ဒေသခံများက ဆိုသည်။

ကချင်ပြည်တွင် ဖားကန့်မြို့အပါအဝင် မြစ်ကြီးနား၊ ဗန်းမော်၊ မိုးညှင်း အစရှိသည့် မြို့ကြီးများတွင် နိုဝင်ဘာလ မှစတင်ကာ လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များကို စစ်ကောင်စီက ဖမ်းဆီးလာခဲ့သည်။

Show More

Related Articles

Back to top button