Covid-19 Reportingသတင်း

နယ်စပ်ကုန်သွယ်ရေးဂိတ်များတွင် ချမှတ်ထားသည့် သတ်မှတ်ချက်များကို တရုတ်အစိုးရဖြေလျော့

 ကချင်ပြည်နယ် မြန်မာတရုတ်နယ်စပ် ကန်ပိုက်တည်နှင့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်များတွင် တရုတ်အစိုးရဘက်က ချမှတ်ခဲ့သည့် ကိုဗစ် စည်းကမ်းသတ်မှတ်ချက်များကို ပြန်လည်ဖြေလျော့လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

 ဒီဇင်ဘာလ ၁၀ ရက်နေ့က စတင်ပြီး တရုတ်အစိုးရဘက်က ယခုကဲ့သို့ ကိုဗစ်စည်းကမ်းသတ်မှတ်ချက်များ ဖြေလျော့လိုက်သည့်အတွက် ကုန်စည်တင်ပို့မှု ယခင်ကထက် နှစ်ဆခန့်မြင့်တက်နိုင်မည်ဟု မျှော်လင့်ကြောင်း ကန်ပိုက်တည် နယ်စပ်ကုန်သွယ်ရေးဂိတ်မှ မြန်မာကုန်သည်တစ်ဦးက KNG ကို ယခုကဲ့သို့ ပြောသည်။

ဟုတ်တယ်ဗျ ကိုဗစ်စည်းကမ်းသတ်မှတ်ချက်တွေ ဖြေလျော့လိုက်ပြီး လွတ်လွတ်လပ်လပ်သွားလာခွင့်ပြုပြီ လို့သူတို့ဘက်က ပြောလာပြီ ဟိုအရင်ကိုဗစ်မရှိတုန်းက အစည်းကားဆုံးအချိန်မှာတော့ တစ်နေ့ကို အစီး ၂၀၀ ကနေ ၃၀၀ အထိကိုတင်ပို့နိုင်တာကို အခုကိုဗစ်စည်းကမ်းချက်တွေကြောင့်အချိန်ကြန့်ကြာတော့ တစ်နေ့ကို ၁၀ စီးလောက်တောင်ထွက်ဖို့အနိုင်နိုင်ဖြစ်သွားတယ် အခုပြန်ဖြေလျော့လိုက်ပြီဆိုတော့ တစ်ရက်ကို အစီး ၃၀ အစီး ၄၀ ကနေတဖြေးဖြေး များများတင်ပို့နိုင်တော့မှာပါဟု မြန်မာငှက်မျောကုန်သည် အမျိုးသားတစ်ဦးက ပြောသည်။

မြန်မာဘက်ခြမ်းရှိ လုပ်ငန်းရှင်များနှင့် ကုန်သည်အသင်းများကလည်း အချို့ဖြေလျော့လိုက်သည့် သတ်မှတ်ချက်များကိုသာ လိုက်နာပြီး ပို့ကုန်ငှက်ပျောများ အပေါ် ပိုးသတ် ဆေးဖြန်ခြင်းများကိုမှု ပုံမှန်အတိုင်းလုပ်ဆောင်နေဆဲဖြစ်ကြောင်းသိရသည်။

ကျွန်တော်တို့မြန်မာဘက်ခြမ်းမှာတော့ ကိုဗစ်ပိုးသန့်စင်ဖို့အတွက်တော့ စစ်ဆေးဆဲပဲရှိပါတယ်။ ဒီဘက်က ငှက်ပျော လုပ်ငန်းရှင်တွေ အနေနဲ့ကလည်း အရင်က လက်မှတ်ရေးထိုးထားတဲ့ထဲက အတိုင်းပေါ့ ကုန်စည်ပေါ်မှာ ပိုးမွှား သန့်စင် တာတွေကတော့ လုပ်နေဆဲပါပဲ ငှက်ပျောအလုပ်ရုံတွေမှာ ပိုးသန့်စင်တာဌာနဆိုင်ရာတွေနဲ့ပူးပေါင်း ပြီး ပိုးမွှားသန့်စင်ပြီးမှ တင်ပို့မှုတွေတော့လုပ်ဆောင်နေဆဲပါ လောလောဆယ်အထိတော့ဟု ကန်ပိုက်တည်နယ်စပ် ကုန်သွယ်ရေးဂိတ်မှ ကချင်ပြည်နယ်စိုက်ပျိုးသီးနှံ ထုတ်လုပ်ရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခင် ကိုဗစ် စည်းကမ်း သတ်မှတ်ချက် တင်းကြပ်ထားချိန်တွင် ငှက်ပျောကားသမားများ ကုန်ကားတစ်ခါထွက်နိုင်ရန် ကွာရန်တင်း ၁၅ ရက်ဝင်ရခြင်း၊ နယ်စပ်ဂိတ်မရောက်မှီ လမ်းခုလတ်တွင် သုံးနေရာ၌ ကိုဗစ်စစ်ဆေးရန် တန်းစီနေရခြင်း၊ ဝင်ခွင့်ကဒ်ကြိုတင်လျှောက်ယူပြီး စောင့်စိုင်းနေရခြင်းစသည့် သတ်မှတ်ချက်များကြောင့် ကုန်းကားအထွက် နှောက်နှေးကြန့်ကြာမှုများဖြစ်ခဲ့ကြောင်း သိရသည်။

ကိုဗစ်စည်းကမ်းချက် ဖြေလျော့လိုက်ပြီဆိုတော့ လွတ်လွတ်လပ်လပ်ဖြစ်သွားတာပါ့အေး အရင်ကဆို ကားတစ်ခါထွက်ရဖို့ မလွယ်ဘူး ကွာရန်တင်းကဝင်ရသေးတယ်။ အခုကားသမားတွေ ကွာရန်တင်းဝင်ဖို့မလိုတော့ဘူးလို့ပြောလာတယ်။ ကားသမားတွေလည်း ပိုပြီးကားထွက်ရတာပေါ့။ အရင်ကဆို ကားသမားအစားထိုးရတာနဲ့ ကားတွေကိုဆေးဖြန်း ပိုးစစ် အဲ့မှာကိုအချိန်အရမ်းကြာတာ ဒါတွေဖြေလျော့လိုက်တာကောင်းပါတယ်ဟု လွယ်ဂျယ်လမ်းပိုင်းတွင် ငှက်ပျောကားမောင်းနေသည့် ကုန်ကားသမားတစ်ဦးက ပြောသည်။

 ကိုဗစ်ကပ်ရောဂါနှင့် တရုတ်အစိုးရဘက်က ချက်မှတ်ခဲ့သည့် ကိုဗစ်စည်းကမ်း သတ်မှတ်ချက်များကြောင့် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်တွင် ကချင်ပြည်နယ်အတွင်း တစ်သျှူးငှက်ပျောစိုက်သည့်လုပ်ငန်းရှင်များသည် ငှက်ပျောကား အထွက်နည်းပြီး ငှက်ပျောများအမှည့်လွန်စွန့်ပစ်ရခြင်း၊ အလုပ်သမားခများ ရှင်းပေးရခြင်း၊ ကုန်စည်များအပေါ် ကိုဗစ်ပိုးမွှားသန့်စင်ရန် အသုံးစရိတ်များခဲ့ခြင်းတို့ကြောင့် လုပ်ငန်းရှင်များအရှူံးဖြင့်ရင်ဆိုင်ခဲ့ရကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

Show More

Related Articles

Back to top button