တိုက်ပွဲသတင်း

ကန့်ဘလူမြို့နယ် စစ်ကောင်စီအထိုင်တပ်စခန်းကို PDFများတိုက်ခိုက်ရာမှ တိုက်ပွဲ ပြင်းထန်ခဲ့

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ဒေသရှိ စစ်ကောင်စီအထိုင်တပ်စခန်းတစ်ခုကို ဒီဇင်ဘာလ ၁၂ ရက်နေ့ မနက်ပိုင်း ၁ နာရီဝန်းကျင်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းကာ သွားရောက်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲပြင်းထန်ခဲ့သည် ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

တိုက်ပွဲဖြစ်ပွားမှု ၃နာရီခန့်ကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးကာ ၄ဦးဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီဘက်ကလည်း အကျအဆုံးများပြားနိုင်သည် ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကဆိုသည်။

မနေ့က ၁နာရီလောက်မှာစဖြစ်တာ ဖြစ်လိုက်နားလိုက်ပေါ့။ ကျနော်တို့ဘက်ကတော့ ၄ဦး ဒဏ်ရာရပြီး ၁ဦးကျခဲ့ပါတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ကာကွယ်ရေးတပ်ဘက်က စခန်းသိမ်းရန်ပြုလုပ်စဥ် စစ်ကောင်စီက ရဟတ်ယာဥ်နှစ်စီးဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်းသူက ဆက်ပြောသည်။

ကိုးတောင်ဘို့ စစ်ကောင်စီတပ်စခန်းသည် ခမရ၃၆၃ အထိုင်တပ်စခန်းဖြစ်ပြီး ၄င်းတပ်ဖွဲ့များသည် ပြီးခဲ့သည့်ရက်ပိုင်းက ကောလင်းမြို့နယ်သို့ စစ်ကြောင်းထွက်ခွာသွားသဖြင့် ကျန်ရှိ နေသော စစ်သားနှင့် ပျူစောထီးများကို ဒေသကာကွယ်ရေးတပ်များပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထို့အပြင် ကောလင်းမြို့နယ်သို့ ထွက်ခွာသွားခဲ့သော စစ်ကောင်စီအဖွဲ့များသည်လည်း တိုက်ပွဲ ဖြစ်ပွားပြီးနောက်ပိုင်းတွင် ကိုးတောင်ဘို့ဒေသသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့များအထိုင်ချထားသည့်စခန်းသည် ကိုးတောင်ဘို့ကျေးရွာမြောက်ဘက် ၁မိုင်ခန့်အကွာ ကန့်ဘလူကောလင်း လမ်းမကြီးဘေး၌တည်ရှိသည်ဟု သိရသည်။

Show More

Related Articles

Back to top button