သတင်း

ဒီပဲယင်းတွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး ပြင်းထန်ဒဏ်ရာရရှိ

စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်ရှိ ညောင်လှကျေးရွာကို စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ယမ်းသမ်းပစ်ခတ်ခဲ့သည့် ဖြစ်စဉ်တွင် ဒေသခံအမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အချို့လည်း ပျက်စီးခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။

ဖြစ်စဥ်မှာ ယနေ့ မနက်ပိုင်း ၉ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်သား အင်အား ၆၀ ဝန်းကျင်သည် သံချပ်ကာ ကား  စီးဖြင့် ရေဦးမြို့နယ် ရွာသာလေး၊ ကုက္ကိုစု၊ မူးသာကုန်း ကျေးရွာအတွင်းသို့ ဝင်ရောက်လာစဥ် ဒီပဲယင်းမြို့နယ် အရှေ့ဘက်ခြမ်းကို ၁၂၀ မမ ၉လုံးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ညောင်ပင်လှကျေးရွာအတွင်းသို့ ကျရောက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

အသက်၄၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦး လက်နဲ့ခြေထောက်မှာ ဒဏ်ရာရတယ်လို့သိရတယ်။ ပြီးတော့ အိမ်တွေပေါ်ကျတယ် တော်တော်ဆိုးပါတယ်၊ ၁၂၀မမတွေနဲ့ထုတာ ထန်းပင်တွေဆို ပြတ်တောင်ကျတယ်။ နေအိမ်တစ်လုံးတော့ တော်တော်ပျက်စီးသွားတယ်ဟု ဒေသခံတစ်ဦးက ဆိုသည်။

ညောင်လှကျေးရွာနှင့် အနီးတစ်ဝှိုက်ကို စစ်ကောင်စီဘက်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ပစ်ခတ်ခဲ့သောကြောင့် ဒေသခံပြည်သူများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သူက ဆက်ပြောသည်။

လက်နက်ကြီး ပစ်ခတ်ခံခဲ့ရသည့် ညောင်လှကျေးရွာသည် ပြီးခဲ့သည့် ဒီဇင်ဘာလ အစောပိုင်းကလည်း စစ်ကောင်စီအဖွဲ့များ  ဝင်ရောက်စဥ် နေအိမ် ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု သိရသည်။

ဒီပဲယင်းမြိုနယ် အရှေ့ခြမ်းကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ စစ်ကောင်စီက အင်အား အလုံးအရင်းဖြင့် ဝင်ရောက်လာပြီး ကျေးရွာ ၁၉ ရွာမှ နေအိမ် ၁၇၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည်။

Show More

Related Articles

Back to top button