တိုက်ပွဲသတင်း

လီဒိုလမ်းမပေါ်မှာ စစ်တပ်နှင့် ပြည်သူ့စစ်အဖွဲ့ကို KIA မိုင်းဆွဲတိုက်ခိုက်

ဟူးကောင့်ချိုင့်ဝှမ်းဒေသ တနိုင်းလီဒိုလမ်းမပေါ်တွင် သွားလာနေသည့် စစ်ကောင်စီယာဉ်တန်းသည် တစ်ရက်အတွင်း ၂ ကြိမ်ထက်မနည်း KIA အဖွဲ့၏ မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

ဒီဇင်ဘာလ ၁၇ ရက် ယနေ့နံနက်ပိုင်း ၉ နာရီဝန်းကျင် စစ်အင်အား ၁၀၀ ဝန်းကျင်ခန့်ပါရှိသည့် ဝါရာဇွပ် ပြည်သူ့အဖွဲ့နှင့် ခလရ ၂၉၇ တပ်တို့သည် တနိုင်းဘက်သို့ တက်လာခဲ့ရာ နမ်းဖျက်နှင့် အောင်ရာကြား ၂ နေရာတွင် ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည်ဟု ဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောသည်။

“အဲ့ဒီ စစ်ယာဉ်တန်းက ရှဒူးဇွပ်ဘက်ကနေ တက်လာတဲ့အဖွဲ့ဖြစ်တယ်။ သူတို့က လူကြီးလမ်းစဉ်တစ်ခုခုရှိလို့ လုံခြုံရေးယူပေးဖို့ တက်လာတဲ့ ပုံစံဟုတ်တယ်။ သူတို့ ကျေးရွာတစ်လျှောက်မှာ လမ်းရှင်းလင်းရေးလုပ်ပြီး တက်လာကြတာကို KIA ကလမ်းမှာ မိုင်းဆွဲတိုက်ခိုက်တဲ့ သဘောဟုတ်တယ်။ နှစ်ဖက်တပ် တိုက်ပွဲဖြစ်ပွားတဲ့ ပုံစံမျိုးတော့မဟုတ်။ ပြောရင် KIA က အဲ့လိုလျှောက်သွားတာကို မကြိုက်လို့ တားမြစ်တဲ့ပုံစံပါပဲ”ဟု ပြောဆိုသည်။

စစ်ကောင်စီ ယာဉ်တန်းကို KIA တပ်မဟာ ၂ လက်အောက် တပ်ရင်း ၄၃ တပ်ရင်းအဖွဲ့က ကြားဖြတ် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မင်းဇင်သန့် ပြည်သူ့စစ်အဖွဲ့နှင့် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှု ၅ ဦးထက်မနည်းရှိသည်ဟုလည်း ဒေသခံများက ပြောဆိုကြသည်။

ယခုလို ပြည်သူ့စစ်နှင့် စစ်ကောင်စီအဖွဲ့သည် တနိုင်းလမ်းတွင် စစ်ရေးလှုပ်ရှားသွားလာနေသည်မှာ ၂ ခန့်ရှိလာပြီဟု သိရပြီး တနိုင်းဘက်သို့ စစ်တပ်နှင့် ဆက်စပ်သည့် လူကြီးခရီးစဉ်သွားရန် ရှိသောကြောင့် လုံခြုံရေးတင်းကြပ်နေသည့် ပုံစံဖြစ်သည်ဟု ဒေသခံများသုံးသပ်ပြောဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင်လည်း တနိုင်းမြို့နယ် လမုန်ကျေးရွာဘက်သို့ နယ်မြေစိုးမိုးရန် ရောက်ရှိလာ သည့် ဦးရွှေမင်း လီဆူပြည်သူ့စစ်အဖွဲ့ တပ်ချနေထိုင်ခဲ့သည့် ယခင် ကျားထိန်းရေးအဖွဲ့ ဆောက်လုပ်ထားသည့် အဆောက်အဦးနေရာများကို KIA နှင့် PDF သွားရောက်မီးရှို့ဖျက်ဆီးပေး လိုက်ကြောင်းသိရသည်။

“အဲ့မှာရှိနေတဲ့ ပြည်သူ့စစ်အဖွဲ့တွေက အကုန်ပြန်ရုတ်သိမ်းပြီး သူတို့ပြန်သွားတဲ့နေရာမှာ ကျနော်တို့ဘက်က လူတွေ ၅ ယောက်လောက်သွားပြီးတော့ အဲ့မှာရှိနေတဲ့ စခန်း ၂ ခုလောက်ကို မီးရှို့ပေးလိုက်တာဟုတ်တယ်။ စစ်သားတွေက အဲ့ထဲမှာ ဘယ်သူမှမရှိတော့ဘူး”ဟု ပြောဆိုသည်။

အဆိုပါ KIA အဖွဲ့ မီးရှို့ ဖျက်ဆီးလိုက်သည့်နေရာသည် ယခင်ရက်များက ပြည်သူ့စစ် အင်အား ၃၀ ဝန်းကျင်ခန့်ဖြင့် တပ်ချထားသည့် စခန်းဖြစ်ပြီး လမုန်ကျေးရွာ မကောအုပ်စု ဓာတ်ဆီ Camp ကျောင်းကုန်းကျေးရွာ၏ ကားလမ်းမကြီးပေါ်တွင် ဂိတ်စခန်းဆောက်လုပ်ထားကာ သွားလာသည့် ကုန်တင်ကားများ၊ ဆန်၊ စက်သုံးဆီများနှင့် ပြည်သူများကို စစ်ဆေးရေး တင်းကြပ်ထားခဲ့သည့်နေရာဖြစ်သည်။

Show More

Related Articles

Back to top button