သတင်း

Rev.Dr. Hkalam Samson လွတ်မြောက်ရေး ဆန္ဒပြတောင်းဆို

စစ်ကောင်စီ၏ အကြာင်းမဲ့ မတရားဖမ်းဆီး ထိန်းသိမ်းခံထားရသည့် သိက္ခာတော်ရ ဆရာတော် Rev.Dr. Hkalam Samson ကို အမြန်ဆုံးလွတ်ပေးရန်အတွက် ဒီဇင်ဘာလ ၁၇ ရက်နေ့ အမေရိကန်ရောက် ကချင်လူထုများက မြန်မာသံရုံးရှေ့တွင် ဆန္ဒပြထုတ်ဖော်ခဲ့ကြသည်ဟုသိရသည်။

ဆရာတော်ခလမ်ဆမ်ဆွန်ကို အမြန်ဆုံးလွတ်ပေးရန် Calvary Baptist Church တွင် နံနက်ပိုင်း ၁၂ နာရီအထိ ဆုတောင်းပွဲအစီအစဉ်ပြုလုပ်ခဲ့ကြပြီးနောက် ညနေပိုင်း ၃ နာရီအထိ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြထုတ်ဖော်ခဲ့ကြသည်ဟု KBC USA မှ တာဝန်ရှိသူ ဆရာတော်တစ်ပါးက KNG ကိုပြောသည်။

“အဓိက ကျနော်တို့လိုချင်နေတာက ဆရာတော်ကို စစ်ကောင်စီအဖွဲ့တွေကနေအမြန်ဆုံးလွတ်ပေးဖို့ တောင်းဆိုကြ တယ်။ မနက်ပိုင်းက ဆုတောင်းပွဲအရင်လုပ်ပြီးမှ ညနေပိုင်းအထိ သံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြတယ်” ဟု ပြောဆိုသည်။

ဆန္ဒပြထုတ်ဖော်မှုတွင် ဆရာတော်ခလမ်ဆမ်ဆွန်အမြန်ဆုံးလွန်ပေးရန်အပြင် မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီး မတရားဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံရေးအကျဉ်းသားများကိုလည်း အမြန်ဆုံးလွတ်ပေးဖို့ တောင်းဆိုခဲ့ကြသည်ဟုသိရသည်။

အဆိုပါ ဆန္ဒပြပွဲအစီအစဉ်ကို KBC USA နှင့် အမေရိကန် ဝါရှင်တန်ဒီစီမှ ဘာသာရေးအသင်းအဖွဲ့တစ်ချို့ နှင့်အတူ ဦးဆောင်ပြုလုပ်ခဲ့ကြပြီး ဆန္ဒပြပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်တွင်ရှိသော အမေရိကန်ရောက် မြန်မာပြည်သားတစ်ချို့ စသဖြင့် စုစုပေါင်း လူထုအင်အား ၁၀၀ ကျော်ခန့် ဆန္ဒပြထုတ်ဖော်ခဲ့ကြသည်ဟုသိရသည်။

Rev.Dr. Hkalam Samson ကို ဒီဇင်ဘာလ ၅ ရက်နေ့ ထိုင်းနိုင်ငံဘန်ကောက်သို့ အလုပ်ကိစ္စတစ်ခုဖြင့်သွား ရန် မန္တလေးလေဆိပ်တွင် စောင့်ဆိုင်းနေချိန် စစ်ကောင်စီက မေးမြန်ရန်ရှိသည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။

ဆရာတော်ကို ဖမ်းဆီးထားသည့် ရက်ပေါင်း ၁၀ ရက်ခန့်ကြာမြင့်လာသော်လည်း မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကို မသိရသေးသည့်အပြင် မိသားစုနှင့်လည်း အဆက်အသွယ်မရရှိသေးကြောင်း မိသားစုဝင်များထံမှသိရသည်။

Rev.Dr. Hkalam Samson ဖမ်းဆီးခံလိုက်ရသည့် နောက်တစ်ရက် ဒီဇင်ဘာလ ၆ ရက်နေ့တွင် ကချင်ပြည်နယ် စစ်ကောင်စီ၏ လုံနယ်နှင့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ KBC မှတာဝန်ရှိသူ ၄ ဦးတွေ့ဆုံမှုရှိခဲ့ရာတွင် ဆရာတော်ခလမ်ဆမ်ဆွန်ကို တရားစွဲဆိုရန် ပြင်ဆင်နေကြောင်းသိရသည်ဟု KBC ထုတ်ပြန်ပြောဆိုထားသည်။

Show More

Related Articles

Back to top button