တိုက်ပွဲသတင်း

အင်းတော် သုံးရက်တာ တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၄၀ ကျော် ထိခိုက်သေဆုံး၊ ပြည်သူ ၅၀၀၀ ကျော်လည်း ထွက်ပြေးနေရ

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် တောင်ဘက်ပိုင်းတွင် စစ်ကောင်စီတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA  PDF ပူးပေါင်းတပ်တို့ကြား ပြီးခဲ့သည့် သုံးရက်တာအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီဘက်က ၄၀ ဦး ကျော်ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

အင်အား ၇၀ ပါ စစ်ကောင်စီ စစ်ကြောင်းတစ်ကြောင်းသည် ညောင်ကုန်း၊ မအူကုန်း၊ ဂျုံးဂျုံးဂျရွာ၊ ပိန်းအင်းစသည့် ကျေးရွာများဘက်သို့ ဝင်ရောက်လာခဲ့ချိန် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ၂ ကြိမ်၊ ၁၇ ရက်နေ့တွင် တစ်ကြိမ် နှင့် ၁၈ ရက် နေ့တွင် တစ်ကြိမ် တိုက်ခိုက်ခံရကာ စစ်ကောင်စီဘက်မှ စစ်သား ၄၀ ကျော် ထိခိုက်သေဆုံးခဲ့ကြောင်း အင်းတော် PDF မှ တာဝန်ရှိ သူတစ်ဦးက KNG ကို ပြောသည်။

၁၆ ရက်နေ့ကတော့ ညောင်ကုန်းဘက် တောထဲမှာဖြစ်တာ စစ်ကြောင်းက ညောင်ကုန်းရွာကနေ အထွက်မှာ မနက် ၇နာရီမှာ တစ်ကြိမ် မနက် ၉နာရီမှာတစ်ကြိမ်ပေါ့။ တစ်မနက်ထဲမှာ ၂ ကြိမ်တိုက်ခိုက်ခံရတာ ၁၇ ရက်နေ့ ကတော့ မနက်ကို ဂျုံးဂျုံးဂျရွာမကနေ မအူကုန်းကို အထွက်တောလမ်းမှာပဲ ပြန်တိုက်ခိုက်ခံရတာ။ အဲ့နေ့ကတော့ စစ်ကောင်စီဘက်က သေဆုံးတာများတယ် ၁၀ယောက်ကျော်လောက်ရှိမယ် ကျွန်တော်တို့ရှေ့မှာတင်ကို သေတာဟု အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၁၈ ရက်နေ့တွင်လည်း စစ်သားအင်အားအနည်းငယ်သာကျန်ရှိသည့် ယင်းစစ်ကြောင်းသည် ပိန်းအင်းကျေးရွာမှ တောလမ်းအတိုင်း စတင်ထွက်ခွာလာချိန် ပိန်းအင်းကျေးရွာအနီး၌ KIA နှင့် PDF တို့က နံနက် ၁၀ နာရီအချိန်တွင် တစ်ကြိမ်ထပ်မံ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက် ၂၀ နီးပါး ထပ်မံ သေဆုံးခဲ့ကြောင်း ဆက်လက်သိရသည်။

သူတို့ ညောင်ကုန်းရွာကိုစဝင်တုန်းက အင်အား ၇၀ ကျော်ပါတယ် တိုက်ခိုက်ခံရတော့ အင်အားက တဖြေးဖြေးလျော့လာတာ ညောင်ကုန်းကို စဝင်တုန်းက အင်အား ၇၀ ကျော်ပါတဲ့ စစ်ကြောင်းက အခုပိန်းအင်းကုန်းကိုပြန်ရောက်နေတယ် အင်အား ၃၀ ပဲကျန်တော့တယ် ပိန်းအင်းကက မပြေးတဲ့ရွာသားတွေကို အကာအကွယ်ယူပြီး တပ်စွဲနေတယ်ဟု အင်းတော် PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

အင်အား ၃၀ ကျော်သာကျန်ရှိတော့သည့် ယင်းစစ်ကြောင်းကို အင်အားထပ်ဖြည့်ရန် ကျောင်းကုန်း ရောက်နေသည့် အင်အား ၂၀၀ ကျော်စစ်ကြောင်းမှ အင်အား ၁၀၀ ခန့် ပြန်လည် ရောက်လာသဖြင့် ယနေ့ တိုက်ပွဲထပ်ဖြစ်နိုင်ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၇ ရက်နေ့က တိုက်ပွဲတွင် အင်းတော် PDF မှ တပ်ဖွဲ့ဝင်တစ်ဦး ထိမှန်ခဲ့ပြီး ပြင်းထန်ဒဏ်ရာဖြင့် လက်ရှိ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

အင်းတော်မြို့နယ် တောင်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် KIA  PDF တို့ကြား တိုက်ပွဲများကြောင့် လက်ရှိ ပိန်းအင်းကျေးရွာ၊ လယ်ပြင်ကျေးရွာ၊ မအူကုန်းကျေးရွာ၊ ညောင်ကုန်းကျေးရွာ ၊ သောင်မြင်းကျေးရွာ၊ ကွင်းချောင်းကျေးရွာ၊ ဂျုံးဂျုံးဂျ ရွာမ၊ ဂျုံးဂျရွာသစ်၊ ကျောင်းကုန်းရွာ၊ ဗုဒလက်ကျေးရွာ၊ အိုက်မကျေးရွာ၊ ပိန်နဲကုန်းကျေးရွာများမှ အိမ်ခြေ ၁၅၀၀ ကျော်လူဦးရေ ၅၀၀၀ ကျော်စစ်ဘေးရှောင်နေရကြောင်း သိရဿည်။

လက်ရှိအင်းတော်နယ်အတွင်းဝင်ရောက်နေသည့် စစ်ကြောင်းသည် နိုဝင်ဘာလတွင် ထီးချိုင့်မြို့နယ်အတွင်း လူနေအိမ် ၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး လက်ရှိ အင်းတော်မြို့နယ်ရှိ ညောင်ကုန်း၊ ဂျုံးဂျရွာသစ်၊ ဂျုံးဂျရွာမ၊ မအူကုန်း၊ ပိန်းအင်းရွာတို့မှ လူနေအိမ် ၃၀ နီးပါး မီးရှို့ဖျက်ဆီး ခဲ့ပြီဖြစ်သည်။

အဆိုပါ စစ်ကောင်စီတပ်များသည် ထီးချိုင့်မြို့နယ်တွင် မီးရှို့ခဲ့ပြီးနောက် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် အင်အား ၃၀၀ ခန့်ဖြင့် စစ်ကြောင်း ၃ ကြောင်းခွဲကာ အင်းတော်မြို့နယ် တောင်ဘက်သို့ ဝင်ရောက်လာခြင်း ဖြစ်သည်။

Show More

Related Articles

Back to top button