သတင်း

အင်းတော်နယ် ဘုန်းကြီးကျောင်းတစ်ခုတွင် စစ်ကောင်စီသတ်ဖြတ်ထားသည့် အရပ်သား ၄ ဦး၏ အလောင်းတွေ့ရှိ

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် ပိန်းအင်းကျေးရွာဘုန်းကြီးကျောင်းဝန်းတွင် စစ်ကောင်စီ သတ်ဖြတ် မြှုပ်နှံထားသည့် အရပ်သားလေးဦး၏ ရုပ်အလောင်းကို ယနေ့ နံနက်ပိုင်းတွင် တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အင်အား ၅၀ ခန့်ပါသည့် စစ်ကောင်စီ စစ်ကြောင်းသည် ဒီဇင်ဘာလ ၁၇ ရက်ည ပိန်းအင်းကျေးရွာအတွင်းသို့ ဝင်ရောက်တပ် စွဲခဲ့ပြီး ဒီဇင်ဘာ ၁၈ ရက်နေ့ ကျေးရွာအတွင်းမှ ထွက်ခွာစဥ် နေအိမ်တစ်လုံးကို မီးရှို့ခဲ့သည့်အပြင် အရပ်သားလေးဦးကိုလည်း သတ်ဖြတ်ပြီး အလောင်းများကို ကျေးရွာဘုန်းကြီး ကျောင်းအနီးတွင် မြှုပ်နှံထားခဲ့ကြောင်း အင်းတော် PDF တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။

ရွာသားလေးယောက်က အိမ်မီးရှို့ခံရတော့ သွားကြည့်တာ မီးငြိမ်းဖို့သွားကြည့်တာမှာ သတ်ခံလိုက်ရတာ နှစ်ယောက်ကိုတော့ ဒီတိုင်းပစ်သတ်လိုက်တာ နောက်နှစ်ယောက်ကတော့ ဖမ်းပြီးမှရိုက်နှက်သတ်ခံလိုက်ရတာ။ သူတို့အလောင်းတွေကိုတော့ ဘုန်းကြီးကျောင်းထဲမှာ ဖြစ်သလိုမြှပ်ထားတာ ရွာသားတွေကတွေ့လိုက်တာဟု ပြောသည်။

အဆိုပါ အရပ်သားလေးဦးသည် နန့်သဲရွာမှ ကိုအောင်နိုင်ထွန်း၊ ကွမ်းချောင်းရွာမှ ကိုနေဝင်း မအူကုန်းရွာမှ ကိုကျော်လွင်နှင့် မကြာသေးမှီအချိန်က ကောလင်းဘက်မှပြောင်းရွေ့လာသည့် ရွှေချောင်းကျေးရွာနေ အမည်စုံစမ်းဆဲတို့ ဖြစ်သည်။

အလားတူ ယနေ့ကျောင်းကုန်းဘက်မှ တက်လာသည့် အင်အား ၁၀၀ ပါ စစ်ကောင်စီစစ်ကြောင်းသည် နံနက် ၈ နာရီအချိန်တွင် စက်တောကုန်း ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ လူနေအိမ်များကို စတင်မီးရှို့နေပြီး အများပြည်သူ ထိခိုက်မှုရှိမရှိကို စုံစမ်းနေဆဲဖြစ်သည်။

အင်အား ၇၀ ဖြင့် ညောင်ကုန်း၊ မအူကုန်း၊ ဂျုံးဂျုံးဂျရွာ၊ ပိန်းအင်းစသည့် ကျေးရွာများဘက်သို့ ဝင်ရောက်လာသည့် ယင်းစစ်ကြောင်းသည် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ညောင်ကုန်းရွာအနီး၌ ၂ ကြိမ်၊ ၁၇ ရက်နေ့တွင် တစ်ကြိမ်ဂျုံးဂျရွာအနီး၌ တစ်ကြိမ် နှင့် ၁၈ ရက်နေ့တွင် ပိန်းအင်းရွာအနီး၌ တစ်ကြိမ် တိုက်ခိုက်ခံရကာ စစ်ကောင်စီဘက်မှ စစ်သား ၄၀ ကျော် ထိခိုက်သေဆုံးခဲ့ကြောင်း အင်းတော် PDF မှ သိရသည်။

လက်ရှိ အင်းတော်မြို့နယ်တွင်ဝင်ရောက်နေသည့် စစ်ကြောင်းသည် နိုဝင်ဘာလတွင် ထီးချိုင့်မြို့နယ်အတွင်း လူနေအိမ် ၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး လက်ရှိ အင်းတော်မြို့နယ်ရှိ ညောင်ကုန်း၊ ဂျုံးဂျရွာသစ်၊ ဂျုံးဂျရွာမ၊ မအူကုန်း၊ ပိန်းအင်းရွာတို့မှ လူနေအိမ် ၃၀ နီးပါး မီးရှို့ဖျက်ဆီး ခဲ့ပြီဖြစ်သည်။

အင်းတော်မြို့နယ်တွင် စစ်အာဏာသိမ်းပြီးနောက် အရပ်သားပြည်သူ သတ်ဖြတ်ခံရမှုမှာ ယခုပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

Show More

Related Articles

Back to top button