သတင်း

ကောက်လှိုင်းပုံထဲတွင် စစ်ကောင်စီထောင်ထားသည့်မိုင်းပေါက်ကွဲ၍ စပါးချွေနေသည့်ပြည်သူတစ်ဦး မိုင်းစထိမှန်

အင်းတော်မြို့နယ် အလယ်ဆိပ်ကျေးရွာတွင် စစ်ကောင်စီတပ်က ကောက်လှိုင်းပုံထဲ၌ မိုင်းတစ်လုံးထောင်ထားခဲ့ရာ ယင်းမိုင်းပေါက်ကွဲမှုကြောင့် စပါးချွေနေသည့် ဒေသခံတစ်ဦး မိုင်းစထိမှန်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် နမ့်စီးအောင်ဘက်မှ ဝင်လာသည့် အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းသည် ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက်ပိုင်းက အင်းတော် တောင်ပိုင်းရှိ အလယ်ဆိပ်ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး ဇန်နဝါရီလ ၁ ရက်နေ့ နံနက်ပိုင်း ကျေးရွာအတွင်းမှ ပြန်ထွက်စဥ် အလယ်ဆိပ်ဒေသခံတစ်ဦးရှိ လယ်ကွင်းအတွင်းက ကောက်လိုင်းပုံတစ်ခုထဲ၌ မိုင်းတစ်လုံး ထောင်ထားခဲ့ရာ ပေါက်ကွဲမှုကြောင့် ပြည်သူတစ်ဦးမိုင်းစ ထိမှန်ခဲ့ကြောင်း အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။

”သူတို့အလယ်ဆိပ်ရွာက ကောက်လိုင်းပုံတွေကိုမီးရှို့တုန်းက အကုန်လုံးကိုမီးရှို့ပြီး အဲ့တစ်ပုံထဲကိုပဲကျန်ထားတာ အဲ့ကျန်ခဲ့တဲ့တစ်ပုံကိုရွာသားတွေမနေ့တုန်းက ဝင်ပြီးတော့စပါးချွေကြတာ အဲ့စပါးချွေနေတဲ့ချိန်ထပေါက်ကွဲတာ အဲ့မှာ လူတစ်ယောက်ကတော့ လွင့်ထွက်သွားတာပေါ့ အသက်ကတော့ မစိုးရိမ်ရဘူး ဒဏ်ရာတော့ရထားတယ်”ဟုပြောသည်။

ပေါက်ကွဲမှုသည် မွန်းလွဲ ၁ နာရီတွင်ဖြစ်ပွားခဲ့ပြီး အလယ်ဆိပ်ကျေးရွာမှ အသက် ၂၁ နှစ်အရွယ် အမျိုးသားတစ်ဦး မိုင်းစထိမှန်ပြီး စပါးချွေလှည့်စက်တစ်လုံး မီးလောင်ပျက်စီးသွားကြောင်းသိရသည်။

ယင်းစစ်ကြောင်းသည် လက်ရှိ သံဘိုကျေးရွာအတွင်း ဝင်ရောက်တပ်စွဲနေပြီး ဒေသခံအများပိုင်း ထွက်ပြေး တိမ်းရှောင် နေရကြောင်း အင်းတော် PDF မှ သိရသည်။

အဆိုပါ မိုင်းထောင်ခဲ့သည့် စစ်ကြောင်းသည် ဒီဇင်ဘာ ၂၇ ရက်နေ့ နံနက်ပိုင်းက အလယ်ဆိပ်ကျေးရွာနဲ့ မဲဇာကျေးရွာကြားတွင် KIA ၊ PDF တို့က ခြုံခိုတိုက်ခိုက်ခဲ့ရာစစ်သား ၂၀ နီးပါးသေဆုံးခဲ့ပြီး အထိနာခဲ့သောကြောင့် အလယ်ဆိပ်ရွာကို မြေပြင်ဖြင့်မီးရှို့ခြင်း၊ လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းတို့ ပြုလုပ်ခဲ့သည်။

ကချင် စစ်ကိုင်း နယ်စပ် အင်းတော်မြို့နယ်တွင် ဒီဇင်ဘာလအတွင်း စစ်ကောင်စီ မှ မီးရှို့ဖျက်ဆီးခဲ့သည့် အိမ်ခြေ ၁၀၀ ကျော်အထိရှိလာပြီဟု ဒေသတွင်း သတင်းအရင်းမြစ် များထံမှ သိရသည်။

Show More

Related Articles

Back to top button