သတင်း

စစ်ကောင်စီ ပစ်ခတ်သည့် လက်နက်ကြီးထိမှန်ခဲ့သူ ပြည်သူ ၇ ဦးအနက်တစ်ဦး သေဆုံး၊ ၆ ဦး ဆေးကုသခံယူနေရဆဲ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ဆန်ခါကျေးရွာတွင် စစ်ကောင်စီတပ် ရမ်းသမ်းပစ်ခတ်မှုကြောင့် ထိမှန်ခဲ့သည့် ပြည်သူ ၇ ဦးအနက်အနက် ၁ ဦး သေဆုံးသွားပြီး ကျန် ၆ ဦးမှာ ဒဏ်ရာများဖြင့်ဆေးကုသမှု ခံယူနေရဆဲဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် မဇွပ်ယန်ထောင်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး နှစ်လုံးသည် ဆန်ခါကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီး ၄ ဦး၊ ကလေးငယ် ၂ ဦးနှင့်အမျိုးသားတစ်ဦးတို့ထိမှန်ခဲ့ပြီး ယင်းအနက် အသက် ၅၂ နှစ်အရွယ် ဦးကွန်ရန်ဂျာနော် မှာသေဆုံးသွားကြောင်း နီးစပ်သူတစ်ဦးက KNG ကို ပြောသည်။

ဆုံးသွားတာက တစ်ယောက်ပါပဲ ဦးကွန်ရန်ဂျာနော်ဟုတ်တယ်။ သူက ခေါင်းမှာထိတာ ဒဏ်ရာကပြင်းတော့ အဲ့နေ့ ညမှာပဲ ဆုံးသွားတယ် ကျန်တဲ့သူတွေကတော့ ဆေးကုသမှုခံယူနေတုန်း လုံခြုံတဲ့နေရာမှာ အရမ်းကြီးစိုးရိမ်ရမယ့်သူတော့ မရှိတော့ဘူး အဆင်ပြေအောင်တတ်နိုင်သလောက်ကုပေးနေပါတယ်ဟု နာရေးကူညီပေးနေသည့် အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိဆေးကုသမှု ခံယူနေဆဲ ၆ ဦးမှာ မလှဟန် အသက် ၂၈ နှစ်၊ မောင်မျိုးဂျတ်နော် အသက် ၁၃ နှစ်၊ မူကြိုဆရာမဒေါ်မဂျီခေါန် အသက် ၁၉ နှစ်၊ ဒေါ်ဘောက်ဂျာ အသက် ၄၀ နှစ်၊ မူကြိုဆရာမဒေါ်ဆိုင်းမိုင်နှင့် တူမဖြစ်သူ မထွယ်ဆန် အသက် ၅ နှစ်တို့ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ၂ လုံးအနက် ပထမဆုံးကျရောက်ပေါက်ကွဲသည့်တစ်လုံးသည် လူနေအိမ်အနီး ကျရောက်ခဲ့ရာ အမျိုးသမီးတစ်ဦးထိမှန်ခဲ့ပြီး ဒုတိယအကြိမ်ကျသည့်တစ်လုံးမှာ ဆန်ခါ ခရစ်ယာန်ဘုရားကျောင်းဝင်း၌ ပေါက်ကွဲသောကြောင့် ၆ ဦးအထိ ထိမှန်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် မဇွပ်ယန်ထောင်မှ ဖားကန့်မြို့နယ်၏ အရပ်လေးမျက်နှာတွင် လက်နက် ကြီးများပစ်ခတ်မှုပုံမှန်ပြုလုပ်နေပြီး ဇန်နဝါရီလ ၁ ရက်နေ့တွင်လည်း မော်ဘုံနှင့် ဆန်ခါကျေးရွာအနီးသို့ လေးလုံး ထပ်မံပစ်ခတ်ခဲ့ရာ အများပြည်သူထိခိုက်မှုမရှိခဲ့ပေ။.

Show More

Related Articles

Back to top button