သတင်း

အင်းတော်နယ်တွင် အသက် ၇၀ ကျော် အမျိုးသား ၄ ဦး ဖမ်းဆီးခံထားရ

အင်းတော်မြို့နယ် မဲဇာကျေးရွာအုပ်စု နန့်သဲကျေးရွာတွင် အသက်ကြီးရွယ်အို အမျိူးသား ၄ ဦးကို စစ်ကောင်စီစစ်သားများက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ ည ၆ နာရီဝန်းကျင် မဲဇာရဲစခန်းမှ စစ်အင်အား ၆၀ ကျော်ခန့်ပါရှိသော စစ်ကောင်စီ စစ်ကြောင်းသည် နန့်သဲကျေးရွာအတွင်း ဝင်ရောက်ခဲ့ပြီး အသက် ၇၀ နှစ်ဝန်းကျင်ရှိ အမျိုးသား ၄ ဦးကို အကြောင်းအရင်းမရှိဘဲ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦး KNG ကိုပြောသည်။

ဒီကနေ့အထိတော့ ပြန်မလွတ်သေးဘူး။ ဘာကြောင့် ဖမ်းတယ်ဆိုတာကို မသိရဘူး ဒီတိုင်းဖမ်းခေါ်သွားတာ အခုက မဲဇာရဲစခန်းမှာ ဖမ်းထားတယ်ဟုပြောဆိုသည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသည့် အမျိုးသား ၄ ဦးကို မိသားစုဝင်များနှင့် တွေ့ခွင့်မပေးကြောင်းသိရသည်။

ထို့အပြင် စစ်ကောင်စီအဖွဲ့သည် အင်းတော်မြို့နယ်အတွင်း ဇန်နဝါရီလ ၂ရက်နေ့မှ စတင်၍ ည ၈နာရီမှ နံနက်ပိုင်း ၄ နာရီအတွင်း ညမထွက်ရ အမိန့်ထုတ်ပြန်ထားပြီး ချိုးဖောက်ခဲ့ပါက ပစ်မိန့်ပေးထားကြောင်း ဒေသခံများထံမှသိရသည်။

အင်တော်မြို့နယ်အတွင်းမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် စစ်ကောင်စီအဖွဲ့၏ မတရားဖမ်းဆီးခံထားရသည့် အရပ်သားပြည်သူ ၅၀ ကျော်အထိရှိလာပြီး အင်းတော်ရဲစခန်းတွင်လည်း ၄၀ ဦးထက်မနည်း ဖမ်းဆီးခံထားရကြောင်းသိရသည်။

Show More

Related Articles

Back to top button