သတင်း

လွယ်ဂျယ်တွင် ထမင်းဆိုင် တစ်ဆိုင်မှ အရက်သောက်မိသူ ၁၅ ဦးသေပြီး ၂ ဦး ဆေးရုံရောက်

ကချင်-တရုတ်နယ်စပ် လွယ်ဂျယ်မြို့  အောက်ဆွဲရပ်ကွက်ရှိ ထမင်းဆိုင်တစ်ဆိုင်တွင် အရက်သောက်မိသူ ၁၅ ဦး သေဆုံးပြီး ၂ ဦး ဆေးရုံတင်ထားရကြောင်း ဒေသခံများထံမှ သိရသည်။

ယခုလ ဒီဇင်ဘာ ၂ ရက်နေ့ ညဆိုင်အတွင်း အဖွဲ့လိုက်အရက်လာသောက်သူများအနက် ၁၅ ဦးသေဆုံးမှုဖြစ်ပွားခဲ့ပြီး ၂ ဦးမှာ ဆေးရုံတင် ကုသမှုခံးယူနေရကြောင်း လွယ်ဂျယ်ဒေသခံ အမျိူးသမီးတစ်ဦးက KNG ကို ပြောသည်။

”အခု ကျွန်မတို့နေတဲ့အောက်ဆွဲ့ပေါ့နော် အခုလွယ်ဂျယ်ဆေးရုံကုန်းအောက် မီးသတ်ရုံးအရှေ့နားလေးက ထမင်းဆိုင်လေး ပေါ့အဲ့မှာ အရက်သောက်မိတာ အိပ်နေရင်းနဲ့လည်း အမြှပ်ထပြီးမှ သေတာ။ တချို့ကဆေးရုံကိုရောက်တယ်။ မနေ့က မနက်ထိတော့ သေတာအားလုံးပေါင်း ၁၅ ယောက် တချို့က မနက်စောမှ အိပ်နေရင်းသေတာဆိုတော့ မနက်မှသိရတာ ၂ရက်နေ့ည တုန်းက သေတာ ၁၀ ယောက်”ဟုပြောဆိုသည်။

သေဆုံးသူ ၁၅ ဦးအနက် အချို့မှာ ဆေးရုံ၌ ဆေးကုသမှု ခံယူနေစဥ်သေဆုံးပြီး အချို့မှာ ၎င်းတို့၏အိမ်အတွင်း သေဆုံးခဲ့ကြောင်း၊ နှစ်ဦးမှာ ခရီးသွားနေစဥ် ကားပေါ်တွင် သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးသူများ သောက်မိသည့်အရက်မှာ ဒေသချက်အရက်ဖြစ်ပြီး ဆေးမြစ်စုံစိမ်ထားသည့်အရက်ဖြစ်ကြောင်း ပြောဆိုသည်။

”သေဆုံးသွားတဲ့သူတွေက ဒေသခံတွေမဟုတ်ကြဘူး။ ကုန်ထမ်းသမားတွေနဲ့ ဒီဘက်မှာအလုပ်လာလုပ်တဲ့သူတွေ အောက်ပြည်အောက်ရွာနဲ့ တခြားနယ်ကလူတွေပဲ လာသောက်ကြရင်းဖြစ်သွားတာ ဆိုင်ကိုတော့မနေ့ညကတည်းက ပိတ်ထားလိုက်ပြီ’‘ဟု ဒေသခံတစ်ဦးက ပြောသည်။

လူပေါင်း ၁၅ ဦး အဆိပ်သင့်သေဆုံးမှုနှင့် ပတ်သက်၍ ထမင်းဆိုင်ပိုင်ရှင်ကို သက်ဆိုင်ရာအာဏာပိုင်များက ဥပဒေအရ အရေးယူနိုင်ရန် စစ်ဆေးမှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။

Show More

Related Articles

Back to top button