မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

ရှဒူးဇွပ်ဒေသတွင် ရွှေမှော်လုပ်ငန်းရှင်များ အမြန်ထွက်ခွာကြရန် KIA သတိပေး

တနိုင်း လီဒိုလမ်းမပေါ် ရှဒူးဇွပ် (Ja Htu Zup) ဒေသတွင် ရွှေတူးဖော်နေသော လုပ်ငန်းရှင်များကို ၁၀ ရက်အတွင်း အမြန်ထွက်ခွာသွားကြရန် ကချင်လွတ်လပ်ရေးတပ်မတော် KIA က သတိပေးပြောဆိုထားကြောင်း သိရသည်။

၂၀၂၂ ခုနှစ် နှစ်ကုန်းပိုင်းမှ စတင်ကာ ရှဒူးဇွပ်ကျေးရွာ တဝိုက်ရှိနေသည့် မင်းဇင်သန့် ပြည်သူ့စစ်အဖွဲ့ နယ်မြေစိုးမိုးထားသည့် ချောင်းဆုံ၊ ကနွယ်သူ၊ ဘန်ကောက်၊ ဂျာဝမ်၊ ကိုင်းတောစသည့်ရွှေမှော်များတွင် ခိုးကျင်းများဖြင့် ရွှေတူးဖော်နေသော လုပ်ငန်းရှင်များကို အမြန်ဆုံးထွက်ခွာသွားကြရန် KIA က သတိပေးနေသည်ဟု ရှဒူးဇွပ်ဒေသခံတစ်ဦး KNG ကို ပြောသည်။

အခုက တစ်ချို့လုပ်ငန်းရှင်တွေတောင် အကုန်ထွက်သွားကြပြီ။ ဒေသပြည်သူ့စစ်အဖွဲ့တွေကို ပိတ်ဆို့ဖို့ဖြစ်တယ်လို့ပဲ မြင်ပါတယ်။ ဒီဇင်ဘာလကုန်ပိုင်းကနေ အကုန်ထွက်ကြဖို့ ပြောဆိုထားတာ ဟုတ်တယ်။ ဒီနားတဝိုက်မှာ ခိုးလုပ်နေတဲ့ လုပ်ငန်းရှင်တွေကို ဖမ်းဆီးပြီး သတိပေးတာတွေလုပ်ပြီး ပြန်လွတ်ပေးတာတွေလုပ်နေတယ်ဟုပြောဆိုသည်။

လက်ရှိတွင် အဆိုပါ ရွှေမှော်များမှ ငွေကြေးအများအပြားကို ပြည်သူ့စစ်အဖွဲ့က ရရှိနေသည့်အတွက်ကြောင့် ပြည်သူ့စစ်အဖွဲ့၏ ငွေကြေးစီးဆင်းမှု လျော့နည်းသွားအောင် KIA အနေဖြင့် လုပ်ဆောင်လာခြင်းဖြစ်နိုင်ကြောင်း ဒေသခံများ သုံးသပ်နေကြသည်။

ထို့နောက် KIA သည် ယခုရက်ပိုင်းအတွင်း ရွှေမှော်အတွင်းသို့ လိုက်လံစစ်ဆေးမှုများပြုလုပ်ကာ လုပ်ငန်းရှင်တစ်ချို့ကို ၎င်းတို့၏ တပ်စခန်းနေရာသို့ ဖမ်းဆီးသွားပြီး သတိပေးလုပ်ဆောင်ချက်များ ဆောင်ရွက်နေသည်ဟုသိရသည်။

ရှဒူးဇွပ်ဒေသတွင်ရှိသော ရွှေမှော်များသည် ယခင်က ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပြည်သူ့စစ်အဖွဲ့ထံ ငွေကြေးပေးဆောင်ကာ ရွှေတူးဖော်မှုကို ပြုလုပ်နေခြင်း ဖြစ်သည်။

သို့သော် စစ်တပ် အာဏာသိမ်းပြီနောက် ၂ နှစ်ကာလအတွင်း မင်းဇင်သန့် ဦးဆောင်သော ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က အင်အားကြီးလာပြီးနောက် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား နှစ်ဖက် တိုက်ပွဲများလည်း ဖြစ်ပွားခဲ့သည်။

Show More

Related Articles

Back to top button