သတင်း

KNC ပါတီ၏ ဥက္ကဋ္ဌ ဖြစ်သူ ​ဒေါက်တာ M Kawn La လွတ်မြောက်လာ

ပုဒ်မ ၅၀၅(က) ဖြင့် ထောင်ဒဏ် ၂ နှစ် အကျဉ်းချခံထားရသည့် KNC ပါတီ ဥက္ကဋ္ဌ ဒေါက်တာ M Kawn La သည် ယနေ့ မွန်းလွှဲ ၁ နာရီဝန်းကျင်တွင် မြစ်ကြီးနားအကျဉ်းထောင်မှ လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီက လွတ်လပ်ရေးနေ့တွင် အကျဉ်းသားများကို လွတ်ပေးခဲ့ရာတွင် ဒေါက်တာ M Kawn La ပါဝင် လွတ်မြောက်လာခဲ့သည်ဟု KNC ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးအင်ဂျိုင်းနော်ဂျာက KNG ကို ပြောသည်။

“ကျခံရမယ့် ရက်တော့ မစေ့သေးဘူး ၂ နှစ်မှာ ၂လလောက်တော့ လိုသေးတယ်။ ဒါပေမယ့် လွတ်လပ်ရေးနေ့ဖြစ်တဲ့ အတွက် လွတ်ငြိမ်းနဲ့ လွတ်လာတာဖြစ်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်လွတ်မြောက်လာတဲ့အတွက် အတိုင်းမသိပျော်ပါတယ်”ဟုပြောဆိုသည်။

ဒေါက်တာ M Kawn La သည် ပြီးခဲ့သော ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရပြီး ၇ လခန့်အကြာ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရကာ ၂၀၂၂ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တရားရုံးမှ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။

နေပြည်တော်တွင် တရားစွဲဆိုခံရသည့် ပုဒ်မ ၅၀၅(က)ဖြင့်သာ မြစ်ကြီးနား အမှတ်(၁)ရဲစခန်းတွင် ထပ်မံ စွဲဆိုခံရသည့်အတွက် အမှုရင်ဆိုင်ဖို့ရန် ၂၀၂၂ ခုနှစ် မေလ ၅ ရက်နေ့တွင် ​ဒေါက်တာ M Kawn La ကို နေပြည်တော်မှ မြစ်ကြီးနားသို့ ရွှေ့ပြောင်းခဲ့သည်။

သို့သော် ထိုအမှုသည် အမှု မထမြောက်ခဲ့သည့်အတွက် နေပြည်တော်တွင် ကျခံရမည့် ပြစ်ဒဏ် ၂ နှစ်ကိုသာ မြစ်ကြီးနားအကျဉ်းထောင်တွင် ဆက်လက်ကျခံခဲ့ပြီး ယနေ့တွင် လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

ပါတီ ဥက္ကဋ္ဌ လွတ်မြောက်လာပြီ ဖြစ်သောကြောင့် ကချင်လူထုနှင့်အတူ ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းများကို ဆက်လုပ်သွားမည်ဟု ပါတီဘက်က ပြောဆိုသည်။

ဒေါက်တာ M Kawn La သည် စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်တွင် ဖွဲ့စည်းလိုက်သည့် Kachin People’s Political Front – KPPF အဖွဲ့အစည်းတွင် ဦးဆောင်ပါဝင်ခဲ့သူ တစ်ဦး ဖြစ်သည်။

Show More

Related Articles

Back to top button