သတင်း

ဆယ်ဇင်း စစ်ရှောင် ၂၀၀၀ နီးပါးအတွက် ဆေးဝါး အကူအညီလိုအပ်နေ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ ဆယ်ဇင်းဒေသခံ စစ်ရှောင်ပြည်သူ ၂၀၀၀ နီးပါးအတွက် ဆေးဝါးအကူအညီများ လိုအပ်နေကြောင်း သိရပါတယ်။

စစ်ကောင်စီတပ်က ဗုံးကျဲတိုက်ခိုက်လို့ ကျေးရွာမီးလောင်သွားတဲ့အတွက်ကြောင့် လက်ရှိ ဖားကန့်မြို့နယ်က မှော်ဘုံ (မဒဲ့ယန်)၊ မှော်စီဆာ၊ ဆိုင်းတောင်၊ ဟောင်ပါး၊ တာမခံ၊ နမ္မဖြစ်၊ လုံးခင်း စတဲ့ ကျေးရွာတွေမှာစစ်ရှောင်နေရတဲ့ ဆယ်ဇင်း ပြည်သူ ၅၀၀၀ ကျော်ထဲက ၂၀၀၀ နီးပါးအတွက် ဆေးဝါးအကူအညီများလိုအပ်နေကြောင်း လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက KNG ကို ပြောပါတယ်။

အခုကသိတဲ့အတိုင်းပဲ ဆေးစရိတ်ကလည်း ထောင်တက်နေတော့ ကျနော်တို့ကလည်း လူမှုကူညီရေးအသင်းဆိုတော့ အများကြီးမတတ်နိုင်ဘူး။ ကုရင်တော့ စခန်းအားလုံးကို လှည့်ပြီးကုရမှာ။ အဖျားအနာကတော့များတယ်။ စစ်ရှောင်စခန်းတစ်ခုမှာ လူ ၁၀၀ ရှိရင် ၅၀ လောက်ကိုတော့ ဆေးကုလို့ရတယ်။ အဲ့ကြောင့် အားလုံးလှည့်ပြီးကုမယ်ဆို ဆေးစရိတ်များမှာ အခုလောလောဆယ်တော့ ဆေးဝါးတွေလိုအပ်နေသေးလို့ မကုနိုင်သေးဘူး” လို့ ပြောပါတယ်။

လက်ရှိ ဆယ်ဇင်း စစ်ရှောင်ပြည်သူအများစုမှာ ရာသီ တုပ်ကွေး၊ ငှက်ဖျား၊ အကိုက်အခဲ၊ ဝမ်းပျက်ဝမ်းလျှော်၊ နှာစေး ချောင်းဆိုး၊ ပန်းနာရင်ကြပ် စတဲ့ ရောဂါအဖြစ်များနေတယ်လို့လည်း သိရပါတယ်။

အပြင်ဆေးခန်းပြမယ်ဆိုရင်လည်း တစ်ခါပြရင် အနည်းဆုံး ၃၀၀၀၀ လောက်ကုန်တော့မတတ်နိုင်ဘူး။ အရင်လာကုပေးနေကြ လူမှုကူညီရေးအသင်းတွေကိုတော့ ဆေးကုန်နေပြီလို့ အသိပေးထားတယ်။ ဆေးလာကုပေးကြဖို့ အကူအညီတောင်းထားတယ်ခုထိတော့ မလာသေးဘူးလာမယ်လို့တော့ပြောတယ်လို့ ဟောင်ပါး ကျေးရွာရောက် ဆယ်ဇင်းစစ်ရှောင်တစ်ဦးက ပြောပါတယ်။

အထူးသဖြင့် အသက် ၁၂ နှစ်အောက် ကလေးသူငယ် နှင့် အသက် ၄၀ အထက်သက်ကြီးရွယ်အိုတွေမှာ ရာသီတုပ်ကွေး၊ နှာစျေးချောင်းဆိုး၊ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားနေတယ်လို့လည်း သိရပါတယ်။

ဆယ်ဇင်း စစ်ရှောင်ပြည်သူ ၅၀၀၀ ကျော်မှာ လက်ရှိ ကျေးရွာ ဘုန်းကြီးကျောင်းများ၊ ခရစ်ယာန်ဘုရားကျောင်းဝင်းများမှာ စုပုံနေထိုင်နေရပြီး စစ်ရှောင်စခန်း သီးသန့်မရှိတဲ့အတွက် နေရာထိုင်ခင်းအခက်အခဲ များလည်း ရှိနေတယ်လို့ သိရပါတယ်။

သူတို့အတွက် ဆေးဝါးအကူအညီအပြင် အခုနောက်ပိုင်း အစားအသောက် ကူညီထောက်ပံ့မှုပါ ပိုမို လိုအပ်လာကြောင်း စစ်ရှောင်တွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဆယ်ဇင်းကျေးရွာကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် သြဂုတ် ၉ ရက်နေ့က လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး အိမ်ခြေ ၄၀၀ ကျော်မီးလောင်ပျက်စီးခဲ့ရာ ဒေသခံ ပြည်သူ ၅၀၀၀ ကျော် စစ်ဘေးရှောင်နေကြရတာဖြစ်ပါတယ်။

Show More

Related Articles

Back to top button