သတင်း

PDF နှင့် CDM များ အလင်းဝင်ကြရန် စစ်ကောင်စီတပ်က လက်ကမ်းစာစောင် ဖြန်ဝေနေ

အင်းတော်မြို့နယ်တွင် စစ်ကောင်စီကို တော်လှန်နေသော PDF များ၊ CDM ဝန်ထမ်းများအနေဖြင့် အချိန်မှီအလင်းဝင်လာကြရန် ဖိတ်ခေါ်တဲ့ လက်ကမ်း စာစောင်တွေကို စစ်ကောင်စီတပ်သားတွေက လိုက်လံ ဖြန့်ဝေနေတယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၅ ရက်နေ့ အင်းတော်မြို့အဝင် စစ်ဆေးရေးဂိတ်မှာ ဖြတ်သန်းသွားလာနေတဲ့ ပြည်သူတွေရဲ့ ဆိုင်ကယ် ကား၊ ခရီးသွားကားတွေကို ရပ်တန့်ပြီးတော့ အဆိုပါ လက်ကမ်း စာစောင်တွေကို စစ်ကောင်စီ တပ်သားတွေက ဖြန့်ဝေခဲ့တာဖြစ်တယ်လို့ အင်းတော် PDF တာဝန်ရှိသူတစ်ဦးက KNG ကို ပြောပါတယ်။

”မနေ့တုန်းက အင်းတော်ဂိတ်မှာ ပေါ့လာသမျှကားတွေ ဆိုင်ကယ်တွေကိုတားပြီးတော့ ဝေနေတာ သူတို့က အဓိက ကတော့ ပြည်ပမှာ ထွက်ပြေးနေတဲ့ သူတွေပြန်လာကြဖို့၊ နောက်ပြီးတော့ သူတို့ပုဒ်မတပ်ပြီး ထွက်ပြေးနေတဲ့လူတွေ CDM တွေ ပြန်လာဖို့နဲ့ PDF တွေအလင်းဝင်လာဖို့ အခုဝင်လာရင်တော့ သူတို့ဖြေလျှော့ပေးမယ်၊ ကောင်းကောင်းကြိုဆိုမယ်ပေါ့ အဲ့လိုတွေပါတယ်” လို့ ဆိုပါတယ်။

စစ်ဆေးရေးဂိတ်မှာ လက်ကမ်းစာစောင်ဖြန့်ဝေမှုအပြီး ညပိုင်းမှာလည်း အင်းတော်မြို့တွင်းမှာ လော်စပီကာနဲ့ လှည့်လည်ပြီးတော့ ထပ်မံ ကြေညာခဲ့တယ်လို့ သိရပါတယ်။

ကချင် နှင့် စစ်ကိုင်းအစပ် အင်းတော်မြို့နယ်၊ ထီးချိုင့်မြို့နယ် နှင့် ကသာမြို့နယ်တစ်ဝိုက်မှာ စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတာ် KIA နှင့် PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်လို့ ထိခိုက်ကျဆုံးမှုများလာနေတဲ့ စစ်ကောင်စီတပ်ဟာ အခုလို PDF တွေကို အလင်းဝင်ဖို့ ဖိတ်ခေါ်လာတာဖြစ်တယ်လို့ Indaw PDF တာဝန်ရှိသူတစ်ဦးက အခုလို သုံးသပ်ပြောဆိုပါတယ်။

”ဘယ်လိုအခြေအနေကြောင့်လည်းဆိုရင်တော့ မြေပြင်မှာ ကာကွယ်ရေးအဖွဲ့တွေကို သူတို့ကမနိုင်တော့ဘူးလေ။ သံတမန်ရေးမှာလည်း အဖက်ဖက်က သူတို့ရှုံးနိမ့်နေတော့ သူတို့လုပ်မိလုပ်ရာတွေ လုပ်မိတာနေမှာပေါ့ တစ်ယောက်လည်းပဲ ပါပါ နှစ်ယောက်လေးပဲပါပါ လုပ်တာနေမှာပါ”လို့ သုံးသပ်ပြောဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ၂၀၂၂ နှစ်ကုန်ပိုင်း ဒီဇင်ဘာလမှာပဲ အင်တော်တောင်ပိုင်း ညောင်ကုန်းရွာ၊ ဂျုံးဂျရွာသစ်၊ ဂျုံးဂျုံးကျရွာမ၊ ပိန်းအင်း စတဲ့ ကျေးရွာတွေထဲက လူနေ အိမ်ခြေ ၁၀၀ နီးပါး ရက်ပိုင်းအတွင်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်ကမ်းစာစောင်နဲ့ ပတ်သက်ပြီး ဒေသခံတစ်ဦးက”သူတို့က ခေါ်သာခေါ် နေတာ ဝင်လာရင် ကြိုဆိုမယ်ဘာညာပေါ့ ဒါပေမယ့် သူတို့လုပ်ရပ်တွေက ကျနော်တို့ ပြည်သူတွေအတွက်ကော တောထဲက PDF ကလေးတွေအတွက်ကော မရေမရာဖြစ်နေတာ မြေပြင်မှာက ခုထိလည်း စစ်ကြောင်းထိုးနေတုန်း မီးရှို့နေတုန်းဆိုတော့ ယုံစချင် ရာမရှိဘူး”လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

အင်းတော်မှာ ဖြန့်ဝေခဲ့တဲ့ လက်ကမ်းစာစောင်တွေကို ပြီးခဲ့တဲ့ ၃ ရက်လောက်က ကသာမြို့တွင်းမှာလည်း စစ်ကောင်စီ တပ်သားတွေက ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် အင်းတော်မြို့နယ်မှာ စစ်ကောင်စီလက်ချက်ကြောင့် အိမ်ခြေ ၂၀၀ နီးပါးအထိ မီးရှို့ခံရပြီလို့ သိရပါတယ်။

Show More

Related Articles

Back to top button