Fact Check

KIO ဗိုလ်မှူးချုပ် လဖိုင်လ ကို ဗုံးကျဲခံရမှုကြောင့် သေဆုံးသူအဖြစ် စစ်တပ် ထောက်ခံသူများ အပြိုင်အဆိုင် သတင်းအမှား ဖြန့်ဝေနေ

နာမကျန်းမှုကြောင့် ကွယ်လွန်သွားသော KIO အမြဲတမ်းဗဟိုကော်မတီဝင် ဗိုလ်မှူးချုပ် လဖိုင်လ ကို KIA တပ်မဟာ ၂ ဗုံးကျဲ တိုက်ခိုက်ခံရမှုတွင် သေဆုံးသွားသူအဖြစ် စစ်ကောင်စီဝါဒဖြန့် လူမှုစာမျက်နှာများတွင် အပြိုင်အဆိုင် သတင်းအမှား ဖြန့်ဝေနေကြသည်။

KIO တရားရေးအရာရှိ ဗိုလ်မှူးချုပ်လဖိုင်လ အပါအဝင် KIA တပ်ဖွဲ့ဝင် ၇၀ ခန့်သည် ဇန်နဝါရီလ ၉ ရက်နေ့ တပ်မဟာ ၂ တွင် လေယာဉ်ဖြင့် ဗုံးကျဲခံရမှုတွင် ကျဆုံးခဲ့သည်ဟု သတင်းအမှား ရေးသားဖြန့်ဝေ နေကြခြင်း ဖြစ်သည်။

အဆိုပါ သတင်းအမှားကို ‘Ko Thet’ ဆိုသည့် Telegram အကောင့်တွင် ဇန်နဝါရီလ ၁၀ ရက်နေ့ ည ၉ နာရီခန့်တွင် စတင်ရေးသားဖြန့်ဝေခဲ့ပြီးနောက် ‘Thit Lwin’ ‘ဖားစည်သံ’ ‘မှိုင်းဝေ’ ‘အထွန်းဖွား’ ‘Min Din’ ‘Pyay News’ ‘Link’ ‘Snow Queen’ ‘ပြည်သတင်းမှန်’ ‘Kyaw Win Maung’ ‘Kachin Daily News’ အစရှိသည့် Telegram အကောင့်များတွင်လည်း ဆက်တိုက် ဖြန့်ဝေခဲ့ကြသည်။

‘Ko Thet’ ဆိုသည့် Telegram အကောင့်တွင် ပထမဆုံး ဖြန့်ဝေထားသော အကြောင်းအရာအပြည့်အစုံမှာ ‘မနေ့ည

တနိုင်းမြို့နယ်ထဲက KIA တပ်မဟာ ၂ ကို လေယာဉ်အသစ်တွေ စမ်းလိုက်တာ KIO တရားရေးတာ၀န်ခံ ဗိုလ်မှူးချုပ်အဆင့်ရှိတဲ့  လဖိုင်လဂျာ အပါအ၀င် မွင်းငါး ပွဲ ၇၀ လောက် ရောင်းလိုက်ရကြောင်းပါဗျာ’ တို့ဖြစ်သည်။

ဗိုလ်မှူးချုပ် လဖိုင်လ သည် ဇန်နဝါရီလ ၈ ရက်နေ့ KIO ဗဟိုဌာနချုပ်တွင် နာမကျန်းမှုကြောင့် ကွယ်လွန်ခဲ့ခြင်း ဖြစ်ပြီး ဇန်နဝါရီလ ၁၀ ရက်နေ့ လိုင်ဇာမြို့တွင် သဂြိုလ်ခဲ့ခြင်းဖြစ်သည်။

Kachinwaves သတင်းဌာန၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် “KIO ဗဟိုအမြဲတမ်းကော်မတီဝင်ဖြစ်ပြီး ၉၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် Kachin State National Congress for Democracy ပါတီ၏ အတွင်းရေးမှူး (၁) ဖြစ်ခဲ့သူ ဗိုလ်မှူးချုပ် လဖိုင်လ (ရှေ့နေလဖိုင်လ) အသက် ၇၅ နှစ်သည် နာမကျန်းဖြစ်ကာ ဇန်နဝါရီလ ၈ ရက်နေ့ ညနေ ၅ နာရီ ၅၅ မိနစ်အချိန်တွင် ခရစ်တော်၌ အိပ်ပျော်သွားကြောင်းနှင့် ၎င်း၏ဈပနအခမ်းအနား ကို လိုင်ဇာမြို့၌ ပြုလုပ်ပြီး ဇန်နဝါရီလ(၁၀)ရက်နေ့တွင် မြေမြုပ်သဂြိုလ်ခဲ့” ဟု ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

ဇန်နဝါရီလ ၉ ရက်နေ့တွင် တစ်ချိန်တည်း KIA တပ်မဟာ ၂ နှင့် ၉ အောက် တပ်ရင်းစခန်း ၃ ခုခန့်တွင် စစ်ကောင်စီက ဂျက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့မှုကြောင့် KIA တပ်ဖွဲ့ဝင် အချို့သေဆုံးမှု ရှိခဲ့သည်။ သို့သော်လည်း ဗိုလ်မှူးချုပ် လဖိုင်လ နှင့် ပတ်သက်ပြီး စစ်ကောင်စီ ထောက်ခံသူများ၏ ဖော်ပြချက်မှာ သတင်းအမှားတစ်ခုသာ ဖြစ်သည်။

စစ်ကောင်စီကို ထောက်ခံသူများသည် Facebook, Telegram, YouTube နှင့် Website များတွင် စစ်အာဏာရှင်ကို ဆန်ကျင်နေသော အဖွဲ့အစည်းများနှင့် ပတ်သက်၍ သတင်းတု ဖန်တီးကာ သတင်းအမှားများဖြင့် တိုက်ခိုက်နေသည်ကို တွေ့ရသည်။

သို့ဖြစ်ပါ၍ စာဖတ်ပရိသတ်များအနေဖြင့် သတင်းများကို ဖတ်ရှု့ရာတွင်ဒေသတွင်း သတင်းမီဒီယာများ၏ ဖော်ပြချက်များဖြင့် နှိုင်းယှဉ်စစ်ဆေးကာ စစ်ကောင်စီ လော်ဘီအုပ်စုများ၏ ဝါဒဖြန့် သတင်းတု၊ သတင်းအမှားများကို ပြန်လည်မျှဝေခြင်းမျိုးကို ရှောင်ရှားသင့်ပါသည်။

Show More

Related Articles

Back to top button