သတင်း

ဖားကန့်တွင် စစ်ကောင်စီတပ်က ညဘက် စစ်ဆေးရေး ပိုမိုပြုလုပ်လာနေပြီး ဖမ်းဆီးမှုများလည်း ရှိနေ

ဖားကန့်မြို့ပေါ် နှင့် လုံးခင်းကျေးရွာတို့တွင် စစ်ကောင်စီတပ်သားများက ညဘက် လမ်းသွား လမ်းလာများကို စစ်ဆေးမှု ပိုမိုပြုလုပ်လာနေပြီး ဖမ်းဆီးခံရမှုများလည်း ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

ယခုလ ဇန်နဝါရီလ ၁၁ ရက်နေ့မှ စတင်ကာ ညစဥ် လမ်းသွားလမ်းလာ ပြည်သူများကို ရပ်တန့်စစ်ဆေးခြင်း၊ သံသယရှိပါက ဖမ်းဆီးမှုများပါ ပြုလုပ်နေကြောင်း လုံးခင်းကျေးရွာနေ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။

ဒီရက်ပိုင်းတွေမှာ ဒီကောင်တွေ လှုပ်ရှားမှု ခပ်စိပ်စိပ်ရှိနေတယ်။ ဟိုနားစစ်ဆေး ဒီနားစစ်ဆေး အဲ့လိုတွေလုပ်နေတာ။ ညအပြင်တောင် မထွက်ရဲဘူး မနေ့ညကလည်း ကိုးနာရီလောက်မှာ လုံးခင်းဆေးရုံ ကုန်းအဆင်းနားမှာ ကားသုံးစီးဖမ်းသွားတယ်။ ဘယ်သူဝယ်ဝါ ကားဆိုတာတော့ စုံစမ်းနေတုန်းညကြီးဆိုတော့ မမြင်ရဘူး။ ဖမ်းသွားတာပဲ သိတယ်။ သူတို့နားလည်း ကပ်လို့ မရဘူးလေဟု ပြောသည်။

စစ်ကောင်စီက ည ၉နာရီနောက်ပိုင်း စစ်ဆေးလျက်ရှိပြီး အရပ်ဝတ်စုံ၊ စစ်ဝတ်စုံများဖြင့် စစ်ကားများအသုံးပြုကာ လှည့်လည် လှုပ်ရှားလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

သူတို့ အဲ့လိုကားတွေနဲ့လှည့်နေတာ အင်အား ၄၀ ကျော် ၅၀ လောက်နဲ့လှည့်တယ်။ သူတို့က အနိုင်ကျင့်တဲ့ပုံစံပေါ့ဗျာ ခပ်စိပ်စိပ်လုပ်လာတယ်။ လူတွေ့ရင် ဖုန်းတွေစစ် ဘာတွေစစ် ရမန် ရှာလို့ရရင်သူတို့ခေါ်သွားတယ်ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ဇန်နဝါရီလ ၁၁ ရက်နေ့ကလည်း ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်ရှိ Happy KTV ကိုဝင်စီးပြီး ဆိုင်အတွင်းမှ ဝန်ထမ်းများ၏ လက်ကိုင်ဖုန်းများလုယူခြင်း၊ ဆိုင်မှ ငွေသားများလုယူခြင်း ပြည်သူများကို အကြောင်းမဲ့ရိုက်နက်ခြင်းများ ပြုလုပ်ပြီး မနက်ပိုင်းအထိ သီးချင်းသီဆိုခြင်း စသည့် အနိုင်ထက်စီးနင်း လုပ်ရပ်များ လုပ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ဖားကန့်မြို့နယ်ကို စစ်ကောင်စီက ၂၀၂၂ ခုနှစ် သြဂုတ်လ ကတည်းက ဖုန်းအင်တာနက်လိုင်းများ ဖြတ်တောက်ကာ သတင်းအမှောင်ချထားပြီး ယခုကဲ့သို့ ဥပဒေမဲ့ လုပ်ရပ်များ ပိုမိုလုပ်ဆောင်လာနေခြင်းဖြစ်သည်။

Show More

Related Articles

Back to top button