သတင်း

သက်တမ်းရာချီရှိသည့် သမိုင်းဝင် ကတ်သလစ်ဘုရားကျောင်းအပါအဝင် ရွာ ၄ ရွာကို စစ်ကောင်စီတပ်က မီးရှို့

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်ရှိ ချမ်းသာကျေးရွာမှ နှစ်ပေါင်း ၁၂၀ ကျော်သက်တမ်းရှိသည့် ကက်သလစ်ဘုရားကျောင်းအပါအဝင် ရွာပေါင်း ၄ ရွာမှ ပြည်သူပိုင်နေအိမ်များအား စစ်ကောင်စီတပ်ဖွဲ့များမှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်နေ့မှ စတင်ကာ ဒီပဲယင်းမြို့နယ်မှ ရေဦးမြို့နယ်အနောက်ခြမ်းဘက်သို့ စစ်အင်အား၂၀၀ ကျော်ဖြင့် စစ်ကြောင်းနှစ်ကြောင်းခွဲကာ စစ်ကြောင်းထိုးဝင်ရောက်လာပြီး စတင်မီးရှို့ခဲ့ကြောင်း သိရသည်။

မနေ့က မီးရှို့ခံရတာဟုတ်တယ်။ တနင်္ဂနွေနေ့ဆိုတော့ ဘာသာဝင်တွေကလည်း ဆုတောင်းဝတ်ပြုတဲ့နေ့ဆိုတော့ မီးရှို့ခံရတာ အားလုံးမြင်နေကြရလည်း ဘာမှမတတ်နိုင်လိုက်ကြဘူးဟုဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီ၏ မီးရှို့မှုကြောင့် ဘုရားဝတ်ပြုကျောင်းဆောင်အပြင် ဘုရားကျောင်းဝန်းရှိ ဘုန်းတော်ကြီးကျောင်းဆောင်အပါအဝင် သက်တမ်းရာချီရှိပြီဖြစ်သည့် သီလရှင်ကျောင်းဆောင်နှင့် အဆောင်နှစ်ခုကိုပါ မီးရှိုဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ဆိုသည်။

စစ်ကောင်စီတပ်များ ဝင်ရောက်မီးရှို့ခဲ့သည့် ကက်သလစ်ဘုရားကျောင်းသည် မန္တလေးကက်သလစ်သာသနာမှ လွန်ခဲ့သည့် ၁၈၉၄ ခုနှစ်တွင် လာရောက်တည်ဆောက်ထားသည့်ကျောင်းဖြစ်ပြီး စစ်ကိုင်းတိုင်းတွင် သက်တမ်းအကြာဆုံး ဘုရားကျောင်းဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်မီးရှို့ခဲ့သည့် ကျေးရွာများမှာ မူးဆုံရွာ၊ကုန်းသာရွာ၊ ချမ်းသာရွာ၊ရွာမိဿာကျေးရွာ တို့ဖြစ်ကြောင်း သိရသည်။

မီးရှို့ခံခဲ့ရသည့် ချမ်းသာကျေးရွာသည် အိမ်ခြေ ၈၀၀ ကျော်ရှိပြီး စစ်ကောင်စီက ယခင်ကသုံးကြိမ်တိုင် မီးရှို့ခဲ့မှုကြောင့် ရွာလုံးကျွတ် မီးလောင်ပြာကျခဲ့ရသည်ဟု ဒေသခံများကဆိုသည်။

ထို့အပြင် ရွာမိဿာကျေးရွာတွင် အိမ်ခြေ ၆၀၀ ကျော်ရှိသည့်အနက် ၅၀၀ ကျော်မီးထဲပါသွားပြီး အိမ်ခြေ ၄၀၀ ကျော်ရှိသည့် ကုန်းသာကျေးရွာမှာမူ ရွာလုံးကျွတ်မီးလောင်ပြာကျခဲ့ရပြီဖြစ်သည်။

ထိုစစ်ကြောင်းသည် ပြီးခဲ့သည့် ဒီဇင်ဘာလကလည်း ရေဦးမြို့နယ်ကို ဝင်ရောက်စစ်ကြောင်းထိုးကာ ရွာပေါင်း ၁၇ ရွာမှ နေအိမ် ၁၆၀၀ကျော်ကို မီးရှို့ခဲ့သည့် စစ်ကြောင်းဖြစ်ပြီး ခမရ၃၆၄ နှင့် ခလရ၇၀၁ ပူးပေါင်း စစ်ကြောင်း ဖြစ်သည်ဟုသိရသည်။

လက်ရှိအဆိုပါ စစ်ကြောင်းသည် ဒီပဲယင်းမြို့နယ်၊ ရေဦးမြို့နယ်နှင့် ခင်ဦးမြို့နယ်ရှိကျေးရွာများတွင် တစ်လှည့်စီ ဝင်ရောက်စစ်ကြောင်းထိုး မီးရှို့နေသည့်အတွက် ဒေသခံသောင်းနှင့်ချီ အိုးမဲ့အိမ်မဲ့ဖြစ်ကာ အကူညီများစွာလိုအပ်နေကြောင်း သိရသည်။

Show More

Related Articles

Back to top button