မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

ရွှေကူမြို့နယ် နန်းဖျားချောင်းအနီး‌ရွှေတူးဖော်နေမူကြောင့် ကျေးရွာပျက်စီးလာမည်ကို ဒေသခံများ စိုးရိမ်နေ

ကချင်ပြည်နယ်၊ ရွှေကူမြို့ ငါးဘက်ကြီးကျေးရွာ နန့်ဖျားချောင်းအနီးတစ်ဝိုက် ရွှေတူးဖော်မှုကြောင့် ကျေးရွာအတွင်းသို့ ရေဝင်ရောက်လာပြီး ရေကြီးရေလျှံဖြစ်လာမည်ကို ဒေသခံများပြည်သူများက စိုးရိမ်နေကြောင်းပြောဆိုသည်။

ရွှေကူမြို့နယ် ဗန်းမော်မန္တလေး မဟာဗျူဟာလမ်းမဘေးရှိ ငါးဘက်ကြီးကျေးရွာအနီးတစ်ဝိုက်၊ နန့်ဖျားချောင်း‌ဘေး ပတ်ဝန်းကျင်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လမှစတင်ကာ ဘက်ဟိုးကြီးများနှင့်ရွှေလုပ်ကွက်လာရောက်တူးဖော်နေမှုကြောင့် ကျေးရွာများသို့ တောင်ကျရေများ ယခင်ထက် ဝင်ရောက်လာနိုင်ကြောင်း  ဒေသခံတစ်ဦးမှ KNG ကိုပြောသည်။

အခုချိန်ကတော့ ရေတွေပါးတော့ မသိသာသေးဘူးပေါ့။ မိုးတွင်းဆိုရင် ချောင်းတွေကကောပြီး ရွာထဲကို ရေတွေက တောက်လျှောက်ထိုးပြီးဝင်တာ၊ ပုံမှန်နှစ်တွေဆို ရေဝင်ရင်လည်းနှေးတယ် အခုက အရမ်းမြန်လာတယ်၊ အရင်ရက် ၂၀ လောက်ကလည်း တံတာတစ်ခု ရေတိုက်စားပြီး သူ့အလိုလိုကျိုးသွားတာဟုပြောသည်။

အဆိုပါ ရွှေလုပ်ကွက်တူးဖော်နေသည့် အနီးပတ်ဝန်းကျင်‌ရှိ‌ ကျေးရွာများမှာ တော်လှန်၊ ကိုင်းရွာ၊ ပန်းတင်၊ လမ်းကူး၊ ငါးဘက်ကြီး စသည့် ကျေးရွာများဖြစ်ပြီး အဆိုပါကျေးရွာများသည် နှစ်စဉ် နန့်ဖျားချောင်းအထက်ဘက်မှ တောင်ကျရေ ဝင်ရောက်မူကြောင့် အိမ်၊ လယ်တွေမြုပ်သည့်အပြင် လက်ရှိရွှေတူးဖော်မှုများကြောင့် မိုးတွင်းကာလမရောက်ခင်တွင်ပင် ရေဝင်မှုနှုန်း ပိုမိုမြန်ဆန်လာကြောင်း ဒေသခံများက ပြောသည်။

ရွှေကူမြို့နှင့် ငါးဘက်ကြီးကျေးရွာ ချိတ်ဆက်ထားသည့် တံတားတိုသည် ပြီးခဲ့သည့်  ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၇၊ မနက် ၃ နာရီဝန်းကျင်ခန့်၌ ရေတိုက်စားမှုကြောင့်  ကျိုးကျသွားသော်လည်း ယနေ့အထိ ယာယီသဘောဖြင့်သာ ပြုပြင်ပေးထားကြောင်းလည်း ဒေသခံကပြောသည်။

ဒေသခံများ၏ ပြောဆိုချက်အရ ၎င်းလုပ်ကွက်သည် ယခင်ကပြုလုပ်ခဲ့ခြင်းမရှိသော်လည်း ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် စတင်ပြီး နှစ်ကုန်ပိုင်း ဩဂုတ်လ နှင့် စက်တင်ဘာလအထိ တွင်တွင် ကျယ်ကျယ်ပြုလုပ်လာခဲ့သည်။

Show More

Related Articles

Back to top button