ရွေးကောက်ပွဲဆိုင်ရာသတင်း

အင်းတော် ရွေးကောက်ပွဲကော်မရှင်ရုံး ဗုံးခွဲတိုက်ခိုက်ခံရ၊ စစ်ကောင်စီပြန်လည် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး ထိမှန်

ကချင် စစ်ကိုင်းနယ်စပ် အင်းတော်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံး ဇန်နဝါရီလ ၁၇ ရက်ညနေပိုင်းက ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က လက်နက်ဖြင့် ပြန်လည်းရမ်းသမ်းပစ်ခတ်ရာတွင် ပြည်သူနှစ်ဦး ထိမှန်ခဲ့ကြောင်း သိရသည်။

အင်းတော် အောင်ချမ်းသာရပ်ကွက်ရှိ စစ်ကောင်စီ၏ မြို့နယ်ရွှေးကောက်ပွဲကော်မရှင်ရုံးကို မြို့တွင်းပြောက်ကျားတပ်ဖွဲ့က ယမန်နေ့ ည ၄ နာရီအချိန်တွင် လက်လုပ်မိုင်းနှစ်လုံးဖြင့် သွားရောက်ပစ်ခတ်ခဲ့ပြီး အင်တော်မြို့ရှိ စစ်တပ်ကုန်းမှ လက်နက်ကြီး သုံးလုံးဖြင့် တန်ပြန်ပစ်ခတ်ခဲ့ရာ သုံးနှစ်အရွယ်ကလေးတစ်ဦးနှင့် အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦး လက်နက်ကြီးစ ထိမှန်ခဲ့ကြောင်း အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦး က KNG ကို ပြောသည်။

မနေ့က လေးနာရီလောက်မှာ သတိပေးတဲ့အနေနဲ့ ခွဲခဲ့တာပါ။ လူတော့မရှိတော့ဘူး။ ရုံးထဲမှာတော့ လူမထိဘူး ဒါပေမယ့် စကစ (စစ်ကောင်စီစစ်သား) တွေဘက်ကတော့သူတို့လက်နက်ကြီးတွေနဲ့ ရမ်းပစ်တာ မြို့ထဲစျေးပေါက်ကိုတစ်လုံးကျတယ်။ ပြီးတော့ နောက်နှစ်လုံးက အင်းတော်သချိုင်းကုန်းဘက်ကိုကျတယ်။ စျေးပေါက်မှာကျတဲ့တစ်လုံးက လူနှစ်ယောက်ထိတယ် မိုင်းစ စင်သွားတာပေါ့ ဒဏ်ရာအရမ်းကြီးတော့ မစိုးရိမ်ရဘူးဟု ပြောသည်။

စစ်ကောင်စီ၏ လက်နက်ကြီးထိမှန်သည့် သုံးနှစ်အရွယ်ကလေးနှင့်အမျိုးသားကို လက်ရှိ ဆေးကုသမှုပေးနေကြောင်း သိရသည်။

ရွေးကောက်ပွဲကော်မရှင်ရုံး ဗုံးခွဲခံရမှုကြောင့် စစ်ကောင်စီက လက်နက်ကြီးသုံးလုံးအပြင် ရဲစခန်းမှ လက်နက်ငယ်များလည်း အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

သူတို့မြို့ထဲတွေမှာ သွားပြီးတော့ အိမ်ထောင်စု ဇယားကောက်တယ် ပြီးတော့ အဲ့ရုံးမှာလည်း နေ့တိုင်းလိုတော့လုပ်နေကြတယ် ဟန်ပြလောက်ပါပဲ ရွေးကောက်ပွဲကတော့ သတိပေးတဲ့အနေနဲ့ဗုံးခွဲခဲ့တာဟု အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် စစ်ကိုင်းတိုင်းအပါအဝင် နိုင်ငံတဝန်း ရွေးကောက်ပွဲလုပ်ရန် အရိုန်အဟုန်မြင့် ပြင်ဆင်နေပြီး ယခုကဲ့သို့ ဗုံးခွဲတိုက်ခိုက်ခံရမှုများရှိသကဲ့သို့ ရွေးကောက်ပွဲအတွက် စစ်ကောင်စီနှင့် ပူးပေါင်းလှုပ်ရှားနေသူများကို PDF က ဖမ်းဆီးမှုများလည်း ရှိနေသည်။

အင်းတော်တွင် စစ်ကောင်စီက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် လူထိခိုက်မှု မကြာခဏရှိနေပြီး လွန်ခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့လည်း စစ်ကောင်စီ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် လင်မယားနှစ်ဦး ထိမှန်ရာကာ အမျိူးသားဖြစ်သူ သေဆုံးခဲ့သည်။

Show More

Related Articles

Back to top button