တိုက်ပွဲသတင်း

ရှဒူးဇွပ်တွင် KIA က ရွှေမှော်များ ပိတ်ထားသော်လည်း ပြည်သူ့စစ်အဖွဲ့က ရွှေတူးဖော်ခွင့်ရရှိနေဆဲ

ကချင်ပြည်နယ် တနိုင်းလီဒိုလမ်းမပေါ် ရှဒူးဇွပ်ကျေးရွာတွင် ရွှေတူးဖော်သူမရှိအောင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က တားမြစ်မှုများပြုလုပ်နေသော်လည်း စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့မှာ လက်ရှိအချိန်အထိ ရွှေတူးဖော်မှုရှိနေသည့်အတွက် ဒေသခံများက မေးခွန်းထုတ်နေကြသည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှစတင်ကာ ရှဒူးဇွပ်ဒေသရှိ ရွှေမှော်များဖြစ်ကြသည့် ကနွယ်သူ၊ ချောင်းဆုံ၊ ဘန်ကောက်၊ ဂျာဝမ်နှင့် ကိုင်းတောနေရာတို့တွင် ရွှေတူးဖော်နေသည့် လုပ်ငန်းရှင်များကို ၁၀ ရက်အတွင်း အမြန်ထွက်ခွာသွားကြရန် KIA ဘက်က လိုက်လံ သတိပေးပြောဆိုခဲ့သည်။

ထို့နောက် ဇန်နဝါရီလ ၁၀ ရက်မတိုင်မှီ အဆိုပါ ရွှေမှော်များမှ လုပ်သားအားလုံး ရွှေလုပ်ငန်းများရပ်ဆိုင်းကာ ထွက်ခွာသွားခဲ့ကြသော်လည်း လက်ရှိတွင် ပြည်သူ့စစ်ခေါင်းဆောင် မင်းဇင်သန့်တစ်ဦးတည်းသာ စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်ခွင့်ရရှိနေသည်ဟု ရှဒူးဇွပ်ဒေသခံတစ်ဦးက KNG ကို ယခုလိုပြောဆိုသည်။

“KIA က မှော်မှာရှိတဲ့သူတွေ အကုန်လုံးကို မောင်းထုတ်လိုက်ပြီ ဘယ်သူမှမရှိတော့ဘူး။ ဒါပေမယ့် မေးခွန်းထုတ်စရာရှိတယ်။ ပြည်သူ့စစ်ကို မကြိုက်ဘူး ပြည်သူ့စစ်ကိုတိုက်မယ်လို့တော ပြောနေတယ်။ ဘာကြောင့် မင်းဇင်သန့်က သူတစ်ယောက်ထဲ ကိုင်းတောမှော် စက်ယန္တရားအကြီးတွေနဲ့ ရွှေတူးဖော်ခွင့်ရရှိနေတာလဲ။ သူကတူးဖော်ခွင့်ရတယ်။ ကျနော်တို့ ပြည်သူတွေက ဘာလို့ တူးဖော်ခွင့်မရတာလဲဟုပြောသည်။

မင်းဇင်သန့်ပြည်သူ့စစ်အဖွဲ့သည် လက်ရှိတွင် ရှဒူးဇွပ်ကျေးရွာ၏ ရွာထိပ်ပိုင်းခြမ်း ကိုင်းတော်မှော်အဝင် မိုးကောင်းချောင်းအနီးတဝိုက်ရှိ မြေဧက ၅၀ ခန့်နေရာတွင် ဘက်ဟို ၄ စီးခန့်ဖြင့် စစ်အင်အားချကာ ရွှေတူးဖော်နေကြောင်းသိရသည်။

ထိုနေရာသည် ရှဒူးဇွပ်ကျေးရွာဖြင့် ၁ မိုင်ခန့်အကွာတွင်သာ ရှိနေသည့်အတွက် ထိုနေရာအထိ KIA အဖွဲ့က လာရောက်တိုက်ခိုက်နိုင်မည် မဟုတ်ကြောင်း ပြည်သူလူထုကို အကာအကွယ်ယူပြီး ဆက်လက်တူးဖော်နေခြင်း ဖြစ်သည်ဟု  ရှဒူးဇွပ် ဒေသခံတစ်ဦးက ထပ်မံပြောဆိုသည်။

မင်းဇင်သန့် ရွှေတူးနေတဲ့နေရာက ရွာအနီးနားမှာပဲ လုပ်နေကြတယ်။ ပြည်သူတွေကို အကာအကွယ်ယူထားတယ်လို့ ပြောလို့ရတယ်။ အခုသူလုပ်နေတဲ့ နေရာက ဧက ၅၀ ကျော်လောက်ရှိမယ်။ တူးနေတာက ကြာပြီ သူနေရာယူထားတဲ့ နေရာပေါ့လေ။ အဲ့ကြောင့် KIA ကလည်း လာမလုပ်ရဲဘူးဆိုတဲ့သဘောနဲ့ KIA က ဘယ်လောက်ပိတ်ပိတ် သူက ဆက်လုပ်နေတဲ့ သဘောပါပဲဟု ပြောသည်။

KIA အနေဖြင့် ပြည်သူ့စစ်အဖွဲ့၏ စီးပွားရေးပိတ်ဆို့နိုင်ရေးအတွက် လုပ်ဆောင်နေသော်လည်း ယခု ပြည်သူ့စစ်အဖွဲ့ဘက်မှ ရွှေတူးဖော်မှုရှိနေသရွေ့ ၎င်းတို့၏ လုပ်ဆောင်ချက်သည် ပြည်သူ့စစ်အပေါ် သက်ရောက်မည် မဟုတ်ကြောင်း သူက ဆက်ဆိုထားသည်။

ဒီလိုသာဆိုရင် KIA က ပိတ်ဆို့နေတာက အောင်မြင်မှာမဟုတ်ဘူး။ ပြည်သူ့စစ်ကို ပိတ်ဆို့တာမဟုတ်ပဲ ပြည်သူတွေကိုသာ ၂ ဖက်စလုံးပိတ်ဆို့နေတယ်လို့ပဲ မြင်တယ်။ ဘယ်လောက်ပဲပိတ်ပိတ် သူက တူးခွင့်ရနေတယ် ဆိုကတည်းက ဘယ်လိုမှထိရောက်မှာမဟုတ်ဘူး။ ပြီးရင် တရားမျှတမှုလည်းမရှိဘူး” ဟု ပြောသည်။

ရှဒူးဇွပ်ဒေသတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပြည်သူ့စစ်အဖွဲ့တို့ကြား ယခု ဇန်နဝါရီလ ၁၄ နောက်ပိုင်း အပြိုင်အဆိုင်ပိတ်ဆို့မှုကြောင့် ရွှေမှော်သွားလမ်းများဖြတ်တောက်ထားခြင်း၊ တနိုင်းလီဒိုလမ်းဘက် စက်သုံးဆီများ သယ်ယူ တင်သွင်းခွင့် ၂ ဖက်တပ်က ပိတ်ဆို့ခံထားရခြင်းဖြစ်သည်။

ထိုသို့ ပိတ်ဆို့ခံထားရသဖြင့် ရှဒူးဇွပ်ဒေသခံပြည်သူများ ဒေသအတွင်း လွတ်လပ်စွာသွားလာခွင့်မရတော့ဘဲ စားဝတ်နေရေးအတွက် ပိုမိုခက်ခဲလာခြင်းနှင့် စက်သုံးဆီပြတ်လပ်မှုများကြုံတွေ့နေရသည်ဟု ဒေသခံများက ပြောဆိုသည်။

Show More

Related Articles

Back to top button